ရခိုင်တွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်းကျဆင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ပတ်ရန် မဖြစ်နိုင်သေးဟုဆို

ရခိုင်ပြည်နယ်တွင် ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး အသွားအလာကန့်သတ်မှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

By မျိုးသီရိကျော် 03 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး အသွားအလာကန့်သတ်မှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၁ သိန်း ၄ ထောင် ကျော်(၁၀၄,၇၆၄ ဦး) ရှိခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းမှ အောက်တိုဘာလအထိတွင်မူ ခရီးသွား ၇ သောင်းကျော် (၇၈,၉၀၀ ဦး) (ကွာရတိန်းဝင်ရောက်နေသူများပါဝင်) ဝင်ရောက်ခဲ့ကြောင်း အဆိုပါ စာရင်းများ အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ခရီးသွားဝင်ရောက်မှုများလေ့ရှိသည့် ဆောင်းရာသီသို့ရောက်ရှိနေသော်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံး မိမိနေအိမ်တွင်နေထိုင်ကြရန်(Stay Home) ညွှန်ကြားချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည် လည်ပတ်နိုင်မည်မဟုတ်ကြောင်း မြောက်ဦးဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းကပြောသည်။

“မြောက်ဦးကို ခရီးသွားတွေလာရောက်မယ်ဆိုတာဟာ ကျနော်တို့အနေနဲ့ လုံးဝမျှော်လင့်ချက်မရှိပါဘူး။ ဘာဖြစ် လို့လည်းဆိုတော့ ဒီဗိုင်းရပ်ပိုးကြောင့်ပေါ့၊ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေ အကုန်ပိတ်ထားတာလေ။ ကျနော်တို့ မြောက်ဦးဖက်ဆိုရင် ဒီနှစ်အတွက် လုံးဝမျှော်လင့်လို့မရနိုင်ဘူး။ အနီးအနားမှာရှိတဲ့ မြို့နယ်တွေ ကတောင် မရောက်တာလေ၊ နိုင်ငံခြားသားတွေ လာရောက်မယ်ဆိုတာမဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

မြောက်ဦးတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြောက်ဦးသို့ လာရောက်လည်ပတ်သူမှာ တစ်နှစ်အတွင်း ၅၀၀၀ ကျော် ရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားသည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် လာရောက်လည်ပတ်သူဦးရေ ၁၀၀၀ ခန့်သာရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည်လာရောက်မှုမရှိသလောက် နည်းပါးသွားခဲ့ကြောင်း ၎င်းကဆိုသည်။

မြောက်ဦးမြို့တွင် ယင်းကဲ့သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းမရှိသည့်အတွက် ခရီးသည် များကို အားကိုးပြီး ရောင်းချနေရသည့် ဈေးဆိုင်ပိုင်ရှင်များမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရ သည်ဟု မြောက်ဦးအမှတ်တရပစ္စည်းများ ရောင်းချနေသည့် မဖြူဖွေးကပြောသည်။

“ခရီးသွားတွေ တစ်ယောက်မှမလာကြပါဘူး။ တိုက်ပွဲဖြစ်တုန်းကတော့ နည်းနည်းရောက်ကြပါတယ်။ ကိုဗစ် ဖြစ်တဲ့ နောက်ပိုင်းမှာတော့ တစ်ယောက်မှ မရောက်တော့ပါဘူး။ ရောင်းဝယ်ရေးမကောင်းတဲ့အတွက် ကျမတို့ စားဝတ်နေရေးကိုလည်း တော်တော်ထိခိုက်သွားပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်သို့ လာရောက်သည့် ခရီးသွားအများစုမှာ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မြောက်ဦးတို့ကို အဓိက သွားရောက်လည်ပတ်လေ့ရှိကြသည်။

ယခုနှစ်တွင် ခရီးသွားရာသီရောက်ရှိလာသော်လည်း ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ယခင်နှစ်ထက် ၁၀၀ ရာခိုင်နှုန်းခန့်လျော့ကျသွားခဲ့သည်ဟု သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးကပြောသည်။

“ကိုဗစ်အလွန်ကာလမှာပဲ ခရီးသည်တွေလာရောက်မှာပါ။ အဓိက ကိုဗစ်အပေါ်မှာပဲ မူတည်နေတယ်ပေါ့နော်။ ရောဂါက ဘယ်တော့ပြီးမလဲဆိုတာ မသိရသေးတဲ့အတွက် ဟိုတယ်တွေကိုလည်း ဘယ်အချိန်ပြန်ဖွင့်မယ်၊ ခရီးသည်တွေလည်း ဘယ်လောက်ထိ လာရောက်နိုင်မယ်ဆိုတာကို ဘယ်လိုမှမျှော်မှန်းထားလို့မရပါဘူး” ဟု ဦးမြင့်စိုးက ဆိုသည်။

သံတွဲခရိုင်မှ ဟိုတယ်များမှာ Covid-19 ကပ်ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်များကြောင့် ပြီးခဲ့သည့် မတ်လမှစတင်ပိတ်ထားကာ လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းသို့ပြည်တွင်း၊ပြည်ပမှ ခရီးသည်ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်တွင် ၁၆၉,၁၂၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၄,၂၇၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၃,၉၉၆၂ ဦးထိ ဝင်ရောက်မှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

ဗီဒီယိုများ