ဖဒူ ထွန်းအောင် | DMG
ဇူလိုင် ၁၃၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးထားသူများကို စစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသူများရှိခဲ့သောကြောင့် အမှန်အတိုင်းပေါ်ပေါက်စေရန် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
တပ်မတော်က စစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသူ (၁၅)ဦးရှိသည်။ လတ်တလော သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာနေ ကိုဇော်ဝင်းလှိုင်ဆိုသူဖြစ်ပြီး တပ်မတော်ကစစ်ဆေးစဉ် ဒဏ်ရာများရရှိခဲ့သဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူစဉ်သေဆုံးသွားသည်။ စစ်ဆေးစဉ် နှိပ်စက်မှုမရှိခဲ့ဟု တပ်မတော်က ငြင်းဆိုခဲ့သည်။
ပေါက်တောပြင်ကျေးရွာက နေမျိုးထွန်းဆိုသူလည်း ဇွန်လ နောက်ဆုံးပတ်က သေဆုံးခဲ့သည်။ ထို့အပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက တစ်ဦး၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ (၃)ဦး၊ ရသေ့တောင် မြို့နယ်က ရွာသား (၈)ဦး၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက တစ်ဦးတို့ သေဆုံးခဲ့သည်။
ကျောက်တန်းကျေးရွာက ဒေသခံများ သေဆုံးမှုဖြစ်စဉ်သည် မေလ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းရွာက ဒေသခံ ၂၇၀ ကျော်အား AA နှင့်ဆက်စပ်သည်ဟု သံသယရှိသဖြင့် တပ်မတော်က စာသင်ကျောင်းတွင် စစ်ဆေးစဉ် သေနတ်ပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်ခံရမှုမှာ စိတ်မနှံ့သူတစ်ဦးက အော်ဟစ်စဉ် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသော်လည်း တပ်မတော်ကမူ ရွာသားများ သေနတ်ဝင်လုသဖြင့် မဖြစ်မနေ ပစ်ခတ်လိုက်ရခြင်းဟု တုန့်ပြန်သည်။
ယင်းသေဆုံးမှုကိစ္စကို ဥပဒေနှင့်အညီ ဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေးမည်ဟု တပ်မတော်ကပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားမှုမရှိသေးပေ။ နောက်ပိုင်းတွင် ထိုကိစ္စကို မြန်မာလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မရှိခဲ့ဟု ထုတ်ပြန်ခဲ့သည်။
တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ဒေသခံများ သေဆုံးမှုဖြစ်ပေါ်လာသောကြောင့် ရခိုင်ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ဝေဖန်သံများထွက်ပေါ်လာသည်။ ထိုသို့ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ စစ်ဆေးမည်ဟု တပ်မတော်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးမည်ဟု ပြောဆိုမှုနှင့်ပတ်သက်ပြီး ကြိုဆိုသော်လည်း မြေပြင်ကို ကွင်းဆင်းပြီး သမာသမတ်ကျအောင် စစ်ဆေးရန် လိုအပ်သည်ဟု ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG ကိုပြောသည်။
“မိသားစုတွေရဲ့ ခံစားချက်၊ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ မေးပြီးတော့ တကယ့်တကယ် အဖြစ်မှန်တွေကို စုံစမ်းဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ်က မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် မွတ်ဆလင် ၁၀ ယောက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။ ထို့နောက် ပြစ်မှုကျူးလွန်သူ တပ်မတော်အရာရှိများနှင့် စစ်သည် (၇)ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။
သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အသနားခံစာတင်ပြလာသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်အစား တစ်နှစ်ခန့်သာ ထောင်ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုသို့ လွတ်မြောက်လာခဲ့ခြင်းကြောင်း မွတ်ဆလင်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးလေ့သုံးသပ်သူများက ဝေဖန်မှုများရှိခဲ့သည်။
ကျောက်တန်းကျေးရွာက ဒေသခံများ သေနတ်ပစ်ခံမှုကြောင့် သေဆုံးမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိခဲ့သောကြောင့် အစိုးရအဖွဲ့က လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ယုံကြည်မှုကင်းမဲ့သည်ဟု ဒေါ်ခင်စောဝေက ပြောသည်။
“အခုလည်း တပ်က ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့တစ်ခု လာစစ်မယ်ဆိုရင်လည်း တစ်ယောက်မှ ယုံကြည်မှုမရှိတော့ဘူး။ အဲဒါကြောင့် နောင်ကို ဒီလိုအဖြစ်မျိုးတွေကို မဖြစ်ဖို့အတွက် အရေးကြီးတယ်လို့ ပြောချင်တယ်” ဟု ဒေါ်ခင်စောဝေက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခု၊ ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်မူ တပ်မတော်က တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်ပြည်နယ်ကလွဲပြီး တခြားတိုင်းစစ်ဌာနချုပ်(၅)ခုတွင် အပစ်ရပ်စဲကြောင်း ကြေငြာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင်လည်း အပစ်ရပ်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း အကောင်အထည် မဖော်ခဲ့ပေ။
ယင်းနောက်ပိုင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို AA က ဝင်ရောက်တိုက်ခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် နိုင်ငံတော်သမ္မတရုံးကလည်း AA ကို အင်အားသုံးတိုက်ခိုက်ရန် တပ်မတော်ကို ညွှန်ကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း AA ကို မြန်မြန်ဆန်ဆန်တိုက်ခိုက်ရန် တပ်မတော်ကို ညွှန်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်။
တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်းတွင် AA နှင့်ဆက်နွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့သူ ၉၀ ကျော် ရှိသည်ဟု တပ်မတော်က ထုတ်ပြန်သည်။ သို့သော် ယင်းထက် အရေအတွက်များနိုင်သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုကြသည်။




