တားမြစ်ချိန်အတွင်းသွားလာသည့် ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

၎င်းပစ်ခတ်မှုမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကိုချစ်သူအောင် (၂၆) နှစ်မှာ ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။

02 Aug 2019

သေဆုံးသူ၏ ရုပ်အေလောင်းကို မိသားစုဝင်များက စစ်တွေဆေးရုံမှ အမြင့်ကျွန်းကျေးရွာသို့ ယူဆောင်သွားကြပြီး သြဂုတ်လ ၃ ရက်နေ့တွင် သြင်္ဂီုဟ်မည်ဖြစ်သည်။

ခိုင်ရိုးလ | DMG

သြဂုတ် ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ ညမထွက်အရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် သွားလာနေသည့် ဒေသခံတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

၎င်းပစ်ခတ်မှုမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကိုချစ်သူအောင် (၂၆) နှစ်မှာ ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။

စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာသား ချစ်သူအောင် (၂၆) နှစ်နှင့် ဇော်မြင့်လွင်(ခ) မျိုးကျော်ဦး (၂၇) နှစ်တို့မှာ ၎င်းတို့ အလုပ်လုပ်ကိုင်သည့် ကဏန်းဒိုင်မှ နေထိုင်ရာကျေးရွာသို့ ဆိုင်ကယ်နှစ်စီးဖြင့်ပြန်လာစဉ် အမြင့်ကျွန်းကျေးရွာအနီးရှိ မင်းချောင်းတံတားပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ချစ်သူအောင်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူက အပြစ်အနာဆာရှိတာမဟုတ်။ မကောင်းတဲ့ ဒုစရိုက်ကို လုပ်နေတာလည်းမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ဖခင်တစ်ယောက်အနေနဲ့ လုံးဝမကျေနပ်ဘူး” ဟု သေဆုံးသူ၏ ဖခင် ဦးဝင်းအောင်က ပြောသည်။

ဆိုင်ကယ်မောင်နှင်လာသည့် အမြင့်ကျွန်းကျေးရွာသား ၂ ဦးအား တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မသင်္ကာသဖြင့် စစ်ဆေးရန်ခေါ်ယူရာတွင် ဇော်မြင့်လွင်သာ အစစ်ဆေးခံခဲ့ပြီး ချစ်သူအောင်မှာ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်နှင်ထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ဆိုသည်။

တပ်မတော်မှ ခေါ်ယူစစ်ဆေးခံခဲ့သည့် ဇော်မြင့်လွင်အား ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ဖောက်ဖျက်ကျူးလွန်မှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်ကြားအစပ်နေရာဖြစ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ပုဏ္ဏားကျွန်းမြို့နယ်တွင်သာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး စစ်တွေမြို့နယ်တွင် ထုတ်ပြန်ထားခြင်းမရှိပေ။

တပ်မတော်မှ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့သည့် ကိုချစ်သူအောင်၏ ရုပ်အလောင်းအား အခင်းဖြစ်ပွားသည်နေ့ ည ၁ နာရီခန့်အချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယနေ့ သြဂုတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် မိသားစုများက အမြင့်ကျွန်းကျေးရွာသို့ ယူဆောင်သွားခဲ့သည်။

ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Related Post : အာမခံဖြင့်ပြန်လွှတ်လာသည့် အမြင့်ကျွန်းရွာသား ကိုဇော်မြင့်လွင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ဗီဒီယိုများ