နေရောင်မင်း | DMG
ဇွန် ၁၇၊ စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အနှံ့ မြို့နယ်များတွင် လူပေါင်းများစွာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် ကိစ္စရပ်များနှင့် တိုက်ပွဲကြောင့် လက်ရှိဖြစ်နေသည့် အခြေအနေများကို ချင်းကျောင်းသားများနှင့် ရခိုင်ကျောင်းသားတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)နှင့် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ( တက္ကသိုလ်များ-ရန်ကုန်)တို့ ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပထမအကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။ တိုက်ပွဲများကိုအကြောင်းပြုပြီး ချင်းလူမျိုးများ ခြိမ်းခြောက်ခံနေရမှု၊ ချင်းလူထုများ ခံစားနေရသည့် အခြေအနေများကို ချင်းကျောင်းသားများက ပြောပြခဲ့ကြသည်ဟု ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၏ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်စွာလင်းက ပြောသည်။
“အမြင်မရှင်းတဲ့ကိစ္စက ဥပမာ အခုနောက်ပိုင်းမှာ အွန်လိုင်းမှာ အကောင့်တုတွေနဲ့ ခြိမ်းခြောက်တာတွေ ရှိလာတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ဘက်ကလည်း ကြောက်နေလန့်နေရတဲ့ သဘောရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အမြင်သိပ်မရှင်းကြဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ အမြင်မရှင်းသည့်ကိစ္စများကို ရခိုင်ကျောင်းသားများက ပြန်လည်ရှင်းလင်း ပြောပြခဲ့ကြသည်။ ပလက်ဝမြို့နယ်က ကျေးရွာသားတစ်ချို့ကို မည်သည့်တပ်ဖွဲ့ကမှန်း မသိသူတစ်ချို့က အနိုင်ကျင့်ခြင်းရှိနေမှုများကိုလည်း ချင်းကျောင်းသားများက ဖွင့်ဟပြောဆိုခဲ့ကြသည်။
“အခုက ရခိုင်ပြည်နယ်အနှံ့မှာ တိုက်ပွဲကျယ်ပြန့်လာတယ်။ အရင်တုန်းကတော့ ပလက်ဝနဲ့ ကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ဆိုတော့ ပလက်ဝဟာ ၂၀၁၅ ကနေ ၂၀၁၉ ခုအထိ တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်ခဲ့တာပေါ့။ ဒီဘက်က ရခိုင်လွတ်မြောက်ရေးအတွက် လုပ်တဲ့ ရခိုင်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ဖြစ်တဲ့ဟာမှာ သူတို့ ချင်းပြည်သူတွေ ကြားညှပ်သွားတာပေါ့။ အဲဒါတွေကို သူတို့ပြောပြပါတယ်” ဟု ကိုကျော်စွာလင်းက ဆိုသည်။
ထို့ကြောင့် အမျိုးသားလွတ်မြောက်ရေး လုပ်နေသည့်အချိန်တွင် ယခုကဲ့သို့ ချင်းပြည်သူများ မြေစာပင်ဖြစ်ရသည့်အတွက် တောင်းပန်ကြောင်းနှင့် ပလက်ဝဒေသသည် ချင်းပြည်နယ်ထဲတွင် တည်ရှိမှုကို လက်ခံကြောင်းလည်း ရခိုင်ကျောင်းသားများက ပြောကြားခဲ့သည်။
“(ဒီလိုတွေ့ဆုံလို့) ကျနော်တို့ကြားထဲမှာ သံသယတွေပျောက်သွားတယ်။ နှစ်ဦးနှစ်ဘက် အတိုင်းအတာတစ်ခုထိ ပြေလည်သွားတာပေါ့။ နောက်ပြီးတော့ ကျောင်းသားတွေ ကြားထဲမှာလည်း ပိုပြီးခိုင်မာတဲ့ ဆက်ဆံရေးရသွားတယ်” ဟု ကိုကျော်စွာလင်းက ဆိုသည်။
ထို့အပြင် ရခိုင်နှင့် ပလက်ဝဒေသတွင်ရှိသည့် စစ်ဘေးရှောင်များအတွက်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်း ပြုလုပ်မည့်အကြောင်းများကို ထည့်သွင်းပြောကြားခဲ့မှုများရှိသည်။ နောက်နောင်တွင်လည်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ယင်းပွဲများတွင် ဆုံးဖြတ်ချက်များချမှတ်နိုင်မည့် အခြေအနေများရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ကျနော်တို့ ချင်းနဲ့ရခိုင်ဆိုတာတော့ ညီအစ်ကိုတွေပါ။ ဘယ်သူခွဲခွဲ မကွဲစေချင်ပါ” ဟု ကိုကျော်စွာလင်းက ပြောသည်။




