- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မာန်အောင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီး
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇွန်ပန်းချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မူလတန်း(လွန်)ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံးတို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
15 Aug 2020
အောင်ကောင်းဇော် | DMG
သြဂုတ် ၁၅ ၊ မာန်အောင်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇွန်ပန်းချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မူလတန်း(လွန်)ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံးတို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီခန့်ကတိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းကြောင့် ယင်းသို့ပျက်စီး သွားခဲ့ခြင်းဖြစ်သည်။
ပျက်စီးသွားသည့်စာသင်ကျောင်းမှာ ကျောင်းဖွင့်ချိန်ရောက်ရှိပါက ကျောင်းသားများစာသင်ကြားရန် အခက်တွေ့နိုင်သဖြင့် ကျောင်းဖွင့်ချိန်မတိုင်မီ ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ကျောင်းကော်မတီဝင် ဦးစံရွှေက ပြောသည်။
“စာသင်ကျောင်းခေါင်မိုးတွေ၊ ခြံစည်းရိုးတွေ ပွင့်သွားတယ်။ ဒီကျောင်းက အရင်ကတော့ ကိုယ်ထူ ကိုယ်ထလုပ်ထားတာ။ အဲဒါကိုအစိုးရက ဒီနှစ်ထဲမှာ မွမ်းမံအနေနဲ့ ပြင်ပေးထားတယ်။ ပြီးတော့ ဆရာနေတဲ့ အိမ်တစ်လုံးပါပျက်စီးသွားတယ်။ ပျက်စီးမှုအခြေအနေကို မြို့နယ်ကိုတင်ပြထားတယ်။ အစိုးရအနေနဲ့ မြန်မြန်လေး ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားမည့်ကျောင်းသားများမှာ သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းသား ၃၀ ခန့်ရှိကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ ၁၅ ရက် ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းနှင့် လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၄၀ အထိတိုက်ခတ်နိုင်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမ်းလေယာဉ်ကွင်း အနီးရှိ ညောင်ပင်လဲကျကာ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံးပျက်စီးမှုရှိခဲ့သည်။