
မျိုးသီရိကျော် ၊ ကျော်သူဌေး | DMG
ဒီဇင်ဘာ ၃၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဒုံးတိုက်ကွင်းသာသနာ့မြေအတွင်း နေထိုင်ကြသော ကျူးကျော်အိမ် ၂၇ ဆောင်ကို သုံးလအတွင်းဖယ်ရှားပေးရန် အကြောင်းကြားလာသော်လည်း ကိုဗစ်ကာလဖြစ်သဖြင့် နေရာပြောင်းရွေ့ရန် အခက်အခဲဖြစ်နေသည်ဟု ကျူးကျော်နေထိုင်သူများက ပြောသည်။
အဆိုပါမြေနေရာမှာ သာသနာ့မြေဖြစ်၍ ကျူးကျော်နေအိမ်များကို ဖယ်ရှားပေးရန် သံဃာတော်များက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျူးကျော်နေထိုင်သူများကိုခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမည့်နှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
“ကျနော်တို့က ဒီမှာနေတာ ၇ နှစ်လောက်ရှိပြီ။ ကျနော်တို့မှာ မိဘတွေလည်းမရှိတော့ အိမ်ခြံတွေလည်း မရှိတော့ဘူး။ ကျနော်တို့ပြောင်းရတော့မယ်ဆိုတော့ စမ်းတဝါးဝါးနဲ့ဖြစ်နေပြီ၊ ကိုဗစ်ကာလဖြစ်တဲ့အတွက်လည်း နေစရာအိမ်ကိုငှားလို့ အခုမရတော့ဘူး။ အဲဒီအိမ်ငှားဖို့စားဖို့ ငွေငါးသောင်းတင်ရသေးတယ်။ တစ်ရက်စာ တစ်ရက်လုပ်စားနေတဲ့ ကျနော်တို့မှာ အဲဒီငွေကို ဘယ်ကသွားရှာရမှာလဲ” ဟု အဆိုပါနေရာတွင်နေထိုင်သည့် ဦးထွန်းနိုင်က ပြောသည်။
၎င်းနေရာတွင်နေထိုင်ကြသူများမှာ ကြုံရာကျဗန်းလုပ်ကိုင်စားသောက်ကြပြီး ကိုဗစ်ကာလအတွင်း အလုပ် အကိုင်ရှားပါး၍ နေရာပြောင်းရွှေ့ပေးရန်လည်း အခက်အခဲဖြစ်နေရကြောင်း ပြောဆိုသည်။
“ဒီနားမှာရှိတဲ့သူတွေက စားဖို့မရှိသောက်ဖို့မရှိတာထက် နေဖို့ထိုင်ဖို့မရှိဘဲ အခက်အခဲဖြစ်တာက ပိုပြီးတော့ ဆိုးတယ်” ဟု သံတွဲမြို့နယ်မှ အဆိုပါနေရာတွင် ပြောင်းရွှေ့နေထိုင်လာသူ ဒေါ်လတ်လတ်ထွန်းက ပြောသည်။
ဒုံးတိုက်ကွင်းသာသနာ့မြေအတွင်းတွင် ကျူးကျော်နေထိုင်နေသူများထဲတွင် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်တို့မှ ပါဝင်ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “အစိုးရအဖွဲ့ကို တကယ်လို့ သူတို့အနေနဲ့ အသနားခံစာတင်လာမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့လည်း လုပ်ပေးသင့်ရင်တော့ လုပ်ပေးမှာပေါ့” ဟု ဆိုသည်။
ရဟန်း၊ သံဃာတော်များပျံလွန်တော်မူလျှင် ဈာပနအခမ်းအနားကျင်းပပြုပ်လုပ်ရန်အတွက် ထားရှိသည့် ဒုံးတိုက်ကွင်းမြေနေရာကို ၂၀၀၀ ခုနှစ်ကပင် တစ်ဦးတစ်ယောက်ကိုမျှ နေထိုင်ခွင့်မပြုဟု မြို့နယ်သံဃာ့နာယကအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။




