ခင်သရဖီဦး | DMG
ဇွန် ၅ ၊ စစ်တွေ
ပညာရေးဝန်ကြီးဌာနမှ အသစ်ပြောင်းလဲလိုက်သည့် သင်ရိုးသစ်များနှင့်ပတ်သက်၍ အင်တာနက်မရရှိသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ ကျောင်းများအား လျှပ်စစ်မီးရှိရုံနှင့် သင်ရိုးသစ်များကိုလေ့လာနိုင်မည့် DBE Box (department of basic education Box)များပေးအပ်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာနမှ သိရသည်။
စတုတ္ထတန်း ၊ သတ္တမတန်းနှင့် ဒသမတန်း သင်ရိုးသစ်များကို Online မှ စတင်သင်ကြားပေးမည့် ဇွန်လ ၁၅ ရက်နေ့မတိုင်မီ DBE Box များကို ပေးပို့သွားရန် စီစဉ်ထားကြောင်းနှင့် Telenor Myanmar မှ DBE Box အလုံး ၁၅၀ ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။
“DBE Box ဆိုတာ လျှပ်စစ်မရှိရင်တောင်မှ ဆိုလာနဲ့ဖွင့်နိုင်တယ်။ အဲဒါကိုဖွင့်တာနဲ့ ဆရာတို့ သင်တန်းပေးသလို တစ်ခါတည်းကြည့်လို့ရတယ်။ ပေးတဲ့အခါမှာ ဝေးလံခေါင်ဖျားတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ရခိုင်ပြည်နယ် ပညာရေးမှူးကနေပြီး စီမံခန့်ခွဲပေးရမယ်။ အလိုအပ်ဆုံးဖြစ်နိုင်တဲ့ ကျောင်းတွေကိုတော့ ပြည်နယ်ပညာရေးမှူးက စီမံခန့်ခွဲပြီး ပေးပါမယ်” ဟု ၄င်းကဆိုသည်။
၎င်း DBE Box တွင် သင်ရိုးသစ်များနှင့်ပတ်သက်သည့် အကြောင်းအရာအားလုံးပါဝင်ကာ ဆရာလမ်းညွှန် စာအုပ်များနှင့် သင်ရိုးသစ်စာအုပ်များလည်း ရှိနေပြီဖြစ်သည့်အတွက် ၎င်းမှတစ်ဆင့် ကြိုတင်လေ့လာခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် ပြည့်စုံနိုင်သည့်အနေအထားရှိသည်ဟု ဦးတင်မောင်ဝင်းက ပြောသည်။
အင်တာနက်ဖြတ်တောက်ခြင်းခံရသည့် ဒေသများမှ ဆရာ၊ဆရာမများအား ယခုကဲ့သို့ DBE Box များဖြင့် သင်ရိုးသစ်များကိုလေ့လာရန် စီစဉ်ပေးသော်လည်း ထိရောက်မှုမရှိနိုင်ကြောင်း ရသေ့တောင်မြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက ဆိုသည်။
“သင်ရိုးသစ်တွေနဲ့ပတ်သတ်လို့ ကိုရိုနာကြောင့် သင်တန်းတွေ မလုပ်ပေးနိုင်ပေမယ့် အခုကသင်တန်းတွေ Online တစ်ဆင့်သင်ပေးရင်တော့ အဆင်ပြေတယ်။ ခုက ကိုယ့်ဟာကိုယ်လေ့လာရမယ်ဆိုတော့ ထင်သလောက် မထိရောက်နိုင်ဘူးပေါ့” ဟု ၎င်းကပြောသည်။
သင်ရိုးသစ်နှင့်ပတ်သက်၍ မြို့နယ်တစ်မြို့နယ်မှ ဆရာ၊ ဆရာမ ၁၀ ယောက်မှ ၁၅ ယောက်ခန့်ကို Online မှ တစ်ဆင့် တက္ကသိုလ်ပါမောက္ခများကိုယ်တိုင် ပို့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ သင်ယူထားသော ဆရာ/ဆရာမများမှ သက်ဆိုင်ရာမြို့နယ်တွင် ထပ်ဆင့်ပို့ချခြင်း စသည့်နည်းလမ်းများဖြင့် ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာနမှ သိရသည်။




