ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အစိုးရဝန်ထမ်းများ သြဂုတ်လအတွက် လစာငွေမရရှိကြသေးကြောင်း ယင်းမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများနှင့် ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ယနေ့(စက်တင်ဘာလ ၁ ရက်)အထိ လစာမရရှိသေးသည်မှာ မှန်ကန်ပြီး မည်သည့်အတွက်မရသည်ကို အကြောင်းကြားခြင်းမရှိသေးဟု ဆိုသည်။

“ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေ ဒီနေ့အထိ လစာမရသေးဘူး။ နောက်ပြီးတော့ ပညာရေးဝန်ထမ်းတွေလည်း မရသေးဘူးလို့ကြားတယ်။ ဘာဖြစ်လို့လဲဆိုတာတော့ အကြောင်းကြားလာတာ မရှိသေးပါဘူး၊ လစာမရသေးတာတော့ မှန်ပါတယ်” ဟု ၄င်းကဆိုသည်။

မြောက်ဦးမြို့မှ မြန်မာ့စီးပွားရေးဘဏ်တွင် အစိုးရဝန်ထမ်းများအတွက် လစာငွေအလုံအလောက်မရှိသောကြောင့် အစိုးရဝန်ထမ်းများမှာ လစာမရသေးခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံ ကိုအာကာစိုးက ဆိုသည်။

“မြောက်ဦးမြို့နယ်မှာ အစိုးရဝန်ထမ်းတွေ အကုန်လုံးနီးပါး လစာမရကြသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရဘဏ်မှာ ဝန်ထမ်းတွေကိုလစာပေးဖို့အတွက် လုံလုံလောက်လောက်မရှိဘူးလို့ သိရတယ်။ တချို့ဝန်ထမ်းတွေဆိုရင် လစာအချိန်မှန်မရရင် အခက်အခဲတွေရှိတာပေါ့” ဟု ၄င်းကဆိုသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးဘဏ်သို့ DMG မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်မူလွန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာ ကိုဦးထွန်းဝင်းက “ကျွန်တော်တို့မနေ့က မြောက်ဦးကို လစာထုတ်ဖို့သွားတယ်၊ မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်မှာ ဝန်ထမ်းတွေကိုပေးဖို့ငွေ မရောက်သေးဘူးလို့ပြောတယ်။ ဘယ်နေ့ရမယ်ဆိုတာကို အတိအကျမသိရသေးဘူး။ နောက်ပြီးတော့ အကြောင်းကြားလာတာလည်း မရှိသေးဘူး” ဟု ၄င်းကရှင်းပြသည်။

ထိုသို့ အစိုးရဝန်ထမ်းများ လစာမရရှိသေးကြောင်းကို ကြားသိရသော်လည်း အသေးစိတ်ကိုမသိသေးဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

Author: Admin