ချလူးအောင် | DMG
မေ ၂၃ ၊ မောင်တော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်ကြိုးများ ပြတ်တောက်မှုကြောင့် မေ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လက်ရှိသတင်းရေးသားချိန်အထိ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သည့် အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ ရသေ့တောင်မြို့မှ ၁၀ မိုင်အကွာတွင်ရှိသည့် လျှပ်စစ်ကြိုးများ ပြတ်တောက်သွားခဲ့သဖြင့် ယခု ကဲ့သို့ လျှပ်စစ်မီးများ ပြတ်တောက်နေခြင်းဖြစ်ကြောင်း မောင်တောခရိုင် လျှပ်စစ်ရုံးမှ သိရသည်။

“မုန်တိုင်းကြောင့် လျှပ်စစ်ကြိုး ပြတ်တောက်ခဲ့ရတာဖြစ်တယ်။ ပြတ်နေတဲ့နေရာကို ဒီနေ့ရှာတွေ့ထားပြီ။ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာအနီးမှာ ပြတ်နေတာ”ဟု မောင်တောခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က မေလ ၂၂ ရက်နေ့တွင် DMG သို့ ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးအမြန်ရရှိနိုင်ရန် ယင်းမီးကြိုးပြတ်နေသည့်နေရာသို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင် နေကြောင်း ၄င်းကဆိုသည်။

“မနက်ဖြန် စလုပ်မှာဖြစ်တယ်။ အမြန်ဆုံးရအောင်တော့ ပြုပြင်ရမှာပေါ့။ လုပ်ငန်းကြန့်ကြာမှု အပိုင်းကို ပြောမရဘူး” ဟု ဦးဟိန်းမိုးထက်ကပြောသည်။

လက်ရှိမှာ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်မီးများပြတ်တောက်နေခြင်းကြောင့် ပြည်သူများအခက်တွေ့နေရကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

“မနက် ၉ နာရီကျော်လောက်ကနေ လျှပ်စစ်မီးပြတ်နေတာ။ အခုထိ ပြန်မလာသေးဘူး။ ရာသီဥတုကလည်းပူ၊ လျှပ်စစ်မီးလည်းမလာတော့ တောာ်တော်လေး ဒုက္ခရောက်နေပါတယ်” ဟု ဘူးသီးတောင်မြို့ခံ ဦးခိုင်ကျော်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲကြောင့် လျှပ်စစ်မီးကြိုးများပြတ်တောက်မှုရှိခဲ့သဖြင့် ရက်ပေါင်း ၂၀ ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Author: ချလူးအောင်