စိမ်းကိုကို | DMG

ဇွန် ၁၉၊ စစ်တွေ

 ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်တချို့တွင် မိုးစပါး စိုက်ပျိုးနိုင်ရန် လယ်ယာမြေများ ထွန်ယက်မှုအပိုင်း၌ အခက်အခဲများ ဖြစ်နေကြသည်။

 မိုးစပါးစိုက်ပျိုးနိုင်သည့် ဧက ၉ သောင်းနီးပါးမှာ ယခုနှစ် စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂမှ DMG ကိုပြောဆိုထားသည်။

 ရခိုင်ပြည်နယ်တွင် စိုက်ပျိုးဧရိယာ ၁၁ သိန်းကျော်ခန့်ရှိပြီး ယင်းဧရိယာထဲမှ ဧက ၉ သောင်းနီးပါးမှာ ရခိုင်ပြည်နယ်အတွက် ဆန်စပါး အများဆုံးထွက်ရှိသည့် နေရာများဖြစ်သလို မိုးစပါးစိုက်ပျိုးနိုင်မှု မရှိခဲ့လျှင် လာမည့်နှစ် ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် စားနပ်ရိက္ခာပိုင်းတွင် ဆိုးရွားစွာ ထိခိုက်လာနိုင်သည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့် ဆိုင်သော ကုမ္ပဏီလီမီတက်မှ ဒုတိယ ဥက္ကဌ ဦးခင်မောင်ကြီးကပြောသည်။

 “ ဒီနေရာတွေက ရခိုင်ပြည်နယ်အတွက် ဆန်ထွက်အားကောင်းတဲ့နေရာတွေ။ အဲဒီနေရာတွေမှာဖြစ်နေတဲ့ ကိစ္စတွေကြောင့် လယ်သမားတွေဟာ မစိုက်နိုင်ဘူးဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွက် စီးပွားရေးအတွက်ရော၊ စားနပ်ရိက္ခာအတွက်ရော အကြီးအကျယ် အကြပ်အတည်းကျလာနိုင်တဲ့ အနေအထားမှာရှိတယ် ”ဟုဆိုသည်။

 တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြို့နယ်တစ်ချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အတွက် လယ်သမားတချို့မှာ လယ်ယာမြေများထွန်ယက်ရန် ခက်ခဲနေပြီး၊ တစ်ချို့မှာလည်း သံသယဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသလို တိုက်ပွဲဖြစ်ပွားရာနှင့် နီးစပ်သော လယ်ယာမြေများ၌လည်း မိုင်းများထောင်ထားမည်ကို စိုးရိမ်နေကြ သည့်အတွက် တောင်သူများအတွက် အဆင်မပြေကြောင်းလည်း ၄င်းကဆိုသည်။

တောင်သူအများစုမှာ လယ်ယာများ ထွန်ယက်လျှင် နံနက် ၅ နာရီအချိန်ခန့်ကထပြီး ထွန်ယက်ရသလို တချို့ တောင်သူများမှာ လယ်တဲများတွင် နေထိုင်ပြီး လယ်ယာများကို ထွန်ယက်ရသည့်အတွက် ပုဒ် ၁၄၄ ထုတ်ပြန်ထားမှုမှာ လယ်ယာများထွန်ယက်ရေးအတွက် အကြပ်းအတည်းဖြစ်နေကြောင်းနှင့် တောင်သူများအနေဖြင့် အခက်အခဲများစွာရှိနေ သည်ဟု ဆိုသည်။

 “ ရွာထဲမှာ နေပြီးတော့ အလုပ်လုပ်မရဘူး။ လယ်တဲထဲမှာ သွားနေရတယ်။ လယ်တောထဲမှာ သွားနေရတဲ့အချိန်မှာ လုံခြုံရေးအတွက် တပ်အဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့အစည်းတွေက လယ်တောထဲမှာ ရှိနေတော့ ဒီလယ်သမားတွေအတွက် သွားပြီးတော့ နေဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ လယ်ယာကဏ္ဍမှာ ဒီနှစ်စိုက်ပျိုးမယ့် လယ်သမားတွေအတွေအတွက် အခဲအခဲတွေ အမျိုးမျိုးရှိတာပေါ့” ဟုဆိုသည်။

 တောင်သူများ၏ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ၊ လုံခြုံမှုအပိုင်းနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ တိုက်တွန်းပေးသွားမည်ဖြစ်သလို သက်ဆိုင်ရာ အစိုးရအဖွဲ့၊ တောင်သူလယ်သမားများကပါ ဝိုင်းဝန်းအဖြေရှာသင့် ပူးပေါင်းဆောင်ရွက် တိုက်တွန်းနိုင်မှ  နောက်ထပ်ကြုံတွေ့လာမည့် အခက်အခဲများကို ခံရုံရှိမည်ဖြစ်ကြောင်း လည်းပြောဆိုခဲ့သည်။