
အောင်ထိန် | DMG
ဇူလိုင် ၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာနှင့် ရုပ်ချောင်းကျေးရွာတို့တွင် လယ်ယာမြေများသို့ လယ်ထွန်ရန်သွားရောက်စဉ် တပ်မတော်က တားဆီးမှုများနှင့် သေနတ်ဖြင့် လှမ်းပစ်မှုခတ်များ ရှိနေသောကြောင့် အချိန်မီစပါးစိုက်ပျိုးနိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံလယ်သမားများက ပြောသည်။
“တပ်မတော်က တားမြစ်လာတာတွေရှိတယ်။ လယ်ဧကဝန်းကျင်တွေမှာ ဆူပူမှုတွေ၊ အသံမကြားချင်ဘူးလို့ သူတို့ကပြောတယ်။ လယ်ထွန်ရင်လည်းလှမ်းပစ်တယ်။ လယ်ကွင်းကို သွားတဲ့သူတွေကိုလည်း တစ်နာရီလောက်သာ နေခွင့်ပြုတယ်” ဟု ရုပ်ချောင်းကျေးရွာမှ အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လယ်သမားများကို လယ်ယာထွန်ယက်စိုက်ပျိုးရန် တပ်မတော်မှ တားဆီးနေမှုအား တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး တို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။
လယ်ယာလုပ်ငန်းကို မှီခိုပြီး မိသားစုစားဝတ်နေရေးများကို ဖြေရှင်းနေရသည့် ကျေးလက်နေပြည်သူများ၏ လယ်ယာမြေလုပ်ငန်းခွင်ကို ယခုကဲ့သို့ တပ်မတော်က တားမြစ်ထားခြင်းသည် လယ်သမားများ၏ ဘဝကို တမင်ဖျက်စီးခြင်းဖြစ်သည်ဟုလည်း ဒေသခံလယ်သမားမျာက ပြောဆိုကြသည်။
“ကျွန်တော်တို့မှာ လယ်ထွန်ခွင့်မရရင် စားဝတ်နေရေး၊ ပညာရေး၊ ဘာသာရေး၊ သာသနာရေးတွေပါ တစ်ရွာလုံးနိမ့်ကျသွားမယ့် အခြေအနေတွေရှိနေတယ်။ မြို့ပေါ်သွားပြီး ကုန်ရောင်းကုန်ဝယ်တစ်ခုခု လုပ်မယ်ဆိုရင်လည်း အရင်းအနှီးဆိုတာလည်း မလွယ်ဘူး” ဟု ထိပ်ဝပြင်ကျေးရွာမှ အမည်မဖော်လိုသည့် လယ်သမားတစ်ဦးက ပြောသည်။
ထိပ်ဝပြင်ကျေးရွာနှင့် ရုပ်ချောင်းကျေးရွာတို့တွင် လယ်သမားဦးရေ ၉၀ ခန့်ရှိပြီး တပ်မတော်က တားဆီးပစ်ခတ်မှုများကြောင့် စပါးမစိုက်ပျိုးနိုင်သည့် လယ်ဧက ၇၀ ကျော်ခန့်ရှိသည့်အပြင် ၄င်းတို့ ပိုင်ဆိုင်သည့် ကျွဲ၊နွားများကိုလည်း ထိန်းသိမ်းရန် အခက်အခဲများရှိနေကြသည်။
လက်ရှိအချိန်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် စပါးစိုက်ပျိုးရန် အဆင်အသင့်မဖြစ်သေးသည့် လယ်ဧက (၁) သိန်းခန့်ရှိသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ထုတ်ပြန်ထားသည်။




