ကျော်သူဌေး|DMG

အောက်တိုဘာ ၃၁၊ စစ်တွေ

လက်နက်ကိုင်အုပ်စုတစ်ခုက တောတွင်းတစ်နေရာတွင် လူမဆန်စွာသတ်ဖြတ်သည့် ဗွီဒီယိုဖိုင်တစ်ခု အောက် တိုဘာလ ၃၀ ရက်နေ့၊ ညနေ (၆)နာရီခန့်က လူမှုကွန်ရက်စာမျက်နှာတွင် စတင်ပျံ့နှံ့ခဲ့ပြီး ယင်းလုပ်ရပ်ကို လူထုက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

တစ်မိနစ်နှင့် ခုနစ်စက္ကန့်ကြာမြင့်သည့် အဆိုပါ ဗွီဒီယိုဖိုင်ကို စစ်လော်ဘီတစ်ဦးက “AA က ရခိုင်တိုင်းရင်းသား တွေကို သစ္စာဖောက်ဟုစွပ်စွဲပြီး ဝါးရင်းတုတ်နဲ့ရိုက်သတ်တာ”စသဖြင့်ရေးသားကာ Facebook Account တွင် စတင်ဖြန့်ဝေခဲ့သည်။ယင်းဗွီဒီယိုဖိုင်ထဲတွင် အသတ်ခံရသူက “ရက္ခိုင်တပ်မတော်ကြီးလည်း ငြိမ်းချမ်း ရေးရပါစေ”ဟုဆုတောင်းထားသည်။ ထို့ကြောင့် တစ်ချို့က ယင်းလူသတ်မှုသည် AA ၏လုပ်ရပ်ဟု စွပ်စွဲ ရေးသားကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

သို့သော် ယင်းသို့သတ်ဖြတ်မှုကို မိမိတို့မလုပ်ဆောင်ကြောင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှ နှင့်ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး  မြန်မာနိုင်ငံသို့ရောက်နေသည့်ကာလတွင် တပ်မတော်ဘက်က လုပ်ကြံဝါဒဖြန့်ခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက စွပ်စွဲပြောဆိုသည်။

“ဆိုတော့ ဒီဗွီဒီယိုဖိုင်ကို ကျနော်တို့ အသေအချာ လေ့လာကြည့်တဲ့အခါ (၁)တစ်ချက်က ဗမာ စစ်တပ်ထဲက ရခိုင်လူမျိုးစစ်သားတွေကို အသုံးပြုပြီးတော့မှ တစ်ယောက်ယောက်ကို AA ကသတ်တဲ့ပုံစံမျိုး ဖန်တီးထား တာတွေ့ရတယ်။ (၂)တစ်ချက်ကတော့ အဲဒီသတ်တဲ့လူတွေမှာ ယူနီဖောင်းမပါဘူး။ အရပ်ဝတ်တွေနဲ့ပဲ ဖြစ်တယ်။ နံပါတ်(၃)တစ်ချက်ကတော့ လူမျိုးရေးအမုန်းတရားတွေ ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်ရှိရှိ နှိုးဆွထား တဲ့ဟာကိုတွေ့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

AA ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် မိမိတို့လုပ်ဆောင်ချက် မဟုတ်သောကြောင့် တုန့်ပြန်စရာမရှိဟု ပြောသည်။

ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ် တွေကိုတော့ လုံးဝလည်း လက်မခံနိုင်။ ဒီလိုတော့ လုံးဝမလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ဘယ်ဘက်က ပဲဖြစ်ပါစေပေါ့။ လူ့အခွင့်ရေးနဲ့ လူသားကိုနှိပ်စက်တယ်ဆိုတာက ကောင်းတဲ့လက္ခဏာ မဟုတ်တဲ့အတွက် ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ဒီလိုမပြုလုပ်သင့်ဘူးလို့မြင်တယ်”ဟု ပြောသည်။

ယင်းလူသတ်မှုကို ရှုတ်ချပြီး အမှန်တရားပေါ်ပေါက်လာအောင် စုံစမ်းဖော်ထုတ်သွားမည်ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ ဒီလို လူမဆန်တဲ့လုပ်ရပ်မျိုးကို လုံးဝရှုတ်ချတယ်။ဘယ်သူပဲ ကျူးလွန်၊ကျူးလွန် ၊ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ပြောချင်တာရှိတယ်။ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်ကလည်းပဲ အမှန်တရားပေါ်လာအောင်အထိ ဆက်လက်စုံစမ်းဖော်ထုတ် သွားဖို့ရှိတယ်ဗျာ”ဟု ၎င်းကဆိုသည်။

AA သည်ပြီးခဲ့သည့် ဧပြီလကစတင်ပြီး “ရက္ခိုင့်တပ်မတော်”အစား “ရက္ခိုင်တပ်တော်”ဟုခေါ်ဝေါ်သုံးစွဲနေပြီး မိမိ တို့တပ်ဖွဲ့ဝင်များလည်း “ရက္ခိုင်တပ်တော်”ဟုသုံးနှုန်းမည်ဟု ခေါင်းဆောင်ပိုင်းများက ဆိုထားသည်။ ရခိုင် လူထု များကိုလည်း “ရက္ခိုင်တပ်တော်” ဟုသာ ခေါ်ဝေါ်ရန်မှာကြားထားသည်။

သို့သော် အဆိုပါ ဗွီဒီယိုဖိုင်တွင်ပါဝင်သည့် အသတ်ခံရသူသည် “ရက္ခိုင်တပ်မတော်ကြီးလည်း ငြိမ်းချမ်းရေး ရပါစေ”ဟု ဆုတောင်းခဲ့ကာ ရက္ခိုင်တပ်မတော်ဟုသာ ခေါ်ဝေါ်ခဲ့သည်ကိုတွေ့ရသည်။ ယင်းလူသတ်မှုသည် မည်သည့်နေရာတွင် မည်သည့်အဖွဲ့က လုပ်ကြံသည်ကို မသိရှိရသေးပေ။

Author: Admin