
မျိုးသီရိကျော် | DMG
မေ ၇ ၊ စစ်တွေ
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် နှာခေါင်းစည်း (Mask) များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဈေးကွက်တွင် ရောင်းချမှုများရှိနေသည်ကို DMG က လေ့လာတွေ့ရှိရသည်။
ဗူးခွံ၌ တရုတ်စာတန်းများပါရှိသည့် နှာခေါင်းစည်းများမှာ ကြိုးများပြုတ်ထွက်ခြင်း၊ ပြန်ကပ်ထားသည့် ကော်ရာများတွေ့ရှိခြင်း၊ ဗူးခွံ၌ ထုတ်လုပ်သည့်ကုမ္ပဏီအမည်၊ နိုင်ငံ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များ ဖော်ပြထားခြင်း မရှိသဖြင့် သုံးစွဲရန်မသင့်ကြောင်း FDA မှ ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းများကို စစ်တွေမြို့ဈေးကွက်တွင် တစ်ခုလျှင် ငွေကျပ် ၄၀၀ မှ ၆၀၀ ကျပ်အထိ ရောင်းချနေကြသည်ကို တွေ့ရှိရသည်။
FDA မှ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် တရုတ်စာတမ်းပါ နှာခေါင်းစည်း (Mask) များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် မသုံးစွဲသင့်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်/ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းက ဆိုသည်။
“FDA ရဲ့ စစ်ဆေးချက်အရတော့ အဲဒီ Mask က အရည်အသွေးအာမခံချက်မရှိတာကြောင့် ဗိုင်းရပ်စပ်ပိုးကို ကာကွယ်နိုင်မှု အားနည်းပါတယ်။ အဲလိုမျိုး Mask တွေကို မသုံးတာပိုကောင်းပါတယ်” ဟု ၎င်းကပြောသည်။
ပြည်သူများအနေဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် Mask များကို ဝယ်ယူရာတွင် ကုန်ပစ္စည်းအမျိုးအမည်၊ ထုတ်လုပ်သည့်ကုမ္ပဏီအမည်၊ နိုင်ငံ၊ ထုတ်လုပ်သည့် ရက်စွဲများအား ပြည်စုံစွာဖော်ပြထားသည့် နှာခေါင်းစည်းများကိုသာ ဝယ်ယူသုံးစွဲသင့်သည်ဟု ဒေါက်တာနိုင်နိုင်လင်းက ဆက်လက်ပြောကြားသည်။
သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အချို့တွင် အစိုးရက အင်တာနက် ဖြတ်တောက်ထားမှုကြောင့် နှာခေါင်းစည်းအသုံးပြုမှုနှင့် ပတ်သက်ပြီး FDA မှ သုံးစွဲရန် သင့်၊ မသင့်ထုတ်ပြန်ချက်များကို မသိရှိနိုင်ပေ။
“မသိတဲ့အချိန်ကတော့ တရားဝင်လား၊ မဝင်လား မသိဘဲ တပ်ဆင်ခဲ့တယ်။ အခုသိသွားပြီဆိုတော့ ရှောင်ရတော့မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနှာခေါင်းစည်းတွေမှာ ပိုးတွေဘာတွေပါရင် ဘယ်လိုလုပ်မလဲ” ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ပြည်သူအချို့မှာ နှာခေါင်းစည်း (Mask) များကို တပ်ဆင်သွားလာပြီး COVID-19 ကပ်ရောဂါကို ကာကွယ်မှုများ ရှိနေသော်လည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် စစ်ဘေးဒုက္ခသည်များမှာ COVID-19 ကိုကာကွယ်ရန် အလေးမထားနိုင်ဘဲ ဖြစ်နေကြသည်။




