
ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂၉ ၊ စစ်တွေ
အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့်မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဖေဖော်ဝါရီလအတွင်းတွေ့ဆုံရန်ရှိကြောင်း တွေ့ဆုံနိုင်ရေး ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
“သူတို့အနေနဲ့ ဒီဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလ ၃ ရက်အတွင်းတွေ့ဆုံမယ်ဆိုပြီးတော့ပြောတယ်။ ဒါပေမဲ့အခု အခက်အခဲက နေရာအခက်အခဲပါပဲ၊ နေရာရလို့ရှိရင်တော့ ဒီလကုန်လောက် ဖေဖော်ဝါရီလ အတော အတွင်းလောက် တွေ့ဖြစ်နိုင်မယ်လို့ထင်တယ်ဗျ” ဟု ငြိမ်းချမ်းရေးအကျိုးတောင်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သော တအောန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ကြသည်။
အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့မဟုတ် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင်တွေ့ဆုံရန် ဇန်နဝါရီလ ပထမအပတ်ကတည်းက ကမ်းလှမ်းထားသော်လည်း မြောက်ပိုင်းလေးဖွဲ့အနေဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်တွင်တွေ့ဆုံရန် အကြောင်းပြန်လာသည့်အတွက် လက်ရှိအချိန်တွင် နေရာညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောသည်။
“အစိုးရကတော့ ပြည်တွင်းမှာပဲလုပ်ချင်တယ်။ ဒါပေမဲ့ သူတို့အဖွဲ့ကတော့ တရုတ်ပြည်မှာပဲ လုပ်ရအောင်ဆိုပြီး တော့မှအကြောင်းပြန်တယ်။ အဲဒီအပေါ်မှာ အခု နှစ်ဖက်နေရာလေး အခက်အခဲဖြစ်နေတယ်။ ဘယ်နေရာ တွေ့မှာ တွေ့ဆုံနိုင်မလဲဆိုတဲ့ဟာကို အခုညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်၊ နေရာရွေးချယ်နေတာပေါ့” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
ယင်းသို့တွေ့ဆုံရန်အတွက် မြောက်ပိုင်း ၄ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များမှာ လက်ရှိအချိန်တွင် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
“လောလောဆယ် ကျနော်တို့ထိပ်ပိုင်းခေါင်းဆောင်တွေက အစည်းအဝေးလုပ်နေတုန်းပါပဲ၊ ၄ ဖွဲ့ဖြစ်နေတော့ ၄ ဖွဲ့လုံးက ထိပ်ပိုင်ခေါင်းဆောင်တွေရဲ့အဖြေက ကျနော်လည်းမသိရသေးဘူး၊ ဘာတွေဆွေးနွေးနေကြလဲ ဆိုတာတော့ အကုန်လုံးချပြမှပဲ သိရမယ်”ဟု ၎င်းကဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်း ၄ ဖွဲ့ ထံသို့ ပေးပို့ထားသည်။
အစိုးရမှ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပဏာမအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ကာ ယင်းသို့ဆွေးနွေးရာတွင် တပ်နေရာချထားရေးကိစ္စ၊ IDPs ကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ထိရောက်ခိုင်မာသော ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး၊ နှစ်ဖက်တပ်များအနေဖြင့် ထိတွေ့တိုက်ပွဲမဖြစ်ပွားရေးရှောင်ရှားရန် သဘောတူညီချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော်(AA)တို့မှာ တပ်မတော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်လျက်ရှိသော်လည်း တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲများမှာ ရွေးကောက်ပွဲ မကျင်းပမီရက်ပိုင်းအလိုမှစ၍ ရပ်တန့်နေသည်မှာ လက်ရှိအချိန်ထိ နှစ်လကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ကထုတ်ပြန်သည့် တပ်မတော်၏အပစ်ရပ်ကြေငြာချက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ တပ်မတော်၏စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခင်က တပ်မတော်၏ အပစ်ရပ်ကြေငြာချက်များတွင် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပဟု ကြေငြာခဲ့သဖြင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေငြာခံထားရသည့် ရက္ခိုင့်တပ်တော်(AA)ရှိရာ ရခိုင်ဒေသပါဝင်မှု မရှိခဲ့သော်လည်း ယခု အပစ်ရပ်ကြေငြာချက်တွင် ရခိုင်ဒေသပါဝင်လာခဲ့သည်။




