
မင်းထွန်း | DMG
ဇူလိုင် ၁၆၊ စစ်တွေ
ရခိုင်ပြည်နယ်၏ မြို့နယ်သုံးခုတွင် ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ပြီး ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့် ရေဘေးသင့်ပြည်သူများ တစ်သိန်းကျော်ခန့်ရှိနေပြီး အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့အထိ လူဦးရေ (၉၆၀၀)ကျော်ကို ဘေးလွတ် ရာနေရာများသို့ ပြောင်းရွှေ့ပေးထားနိုင်သေးသည်။
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် လေးရက်ခန့် ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့် နေအိမ်များ၊ စပါးနှင့်လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ကျွဲ၊နွားများလည်း ပျောက်ဆုံးမှုများရှိခဲ့သည်။ သို့သော် မည်မျှပျက်စီးသည်ကို လတ်တလောတွင် မသိရှိရသေးပေ။
လောလောဆယ် ရေဘေးသင့်ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေသော်လည်း အစိုးရနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ကူညီမှုအားနည်းနေဆဲဟု ဒေသဆိုင် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။
လက်ရှိအခြေအနေတွင် ရေဘေးသင့်ပြည်သူများသည် တတ်နိုင်သည့်ဘက်က ထောက်ပံ့မှုများပြုလုပ်နေသော်လည်း ပြည့်ပြည့်ဝဝ ထောက်ပံ့နိုင်ခြင်းမရှိသေးဟု ရခိုင်ပြည်နယ် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ ဦးစီးအရာရှိ ဦးရဲမင်းဦးက DMG ကိုပြောသည်။
“ ဒီ ရေဘေးသင့်ပြည်သူတွေဟာ လက်တလောမှာ စားဝတ်နေရေးအခက်အခဲဖြစ်မယ်။ အဲလိုအခက်အခဲ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ ဌာနအနေနဲ့တော့ တစ်စိတ်တပိုင်းပေါ့။ နိုင်သလောက်ပဲ ထောက်ပံရတဲ့အခါဖြစ်တော့ သူတို့အတွက်ကို ပြည့်ပြည့်ဝဝ ထောက်ပံ့နိုင်ခြင်းမရှိဘူး” ဟု သူက ဆိုသည်။
အရပ်ဖက်အဖွဲ့အစည်းများကလည်း ရေဘေးသင့်ပြည်သူများကို ကူညီမှုကြန့်ကြာနေမှုမှာ အင်တာနက် ဖြတ်တောက်ထားသဖြင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များကို မသိရသည့်အတွက် အခက်အခဲ ဖြစ်နေသောကြောင့်ဟု ဆိုကြသည်။
“ဥပမာ ကယ်ဆယ်ရေးသွားမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ အချက်အလက်တွေ အရေးကြီးတယ်။ ဘယ်ဒေသမှာ ဘာတွေလိုအပ်လဲ ဒါတွေကို ကျနော်တို့ သိဖို့လိုတယ်။ ဒါတွေကို ကျနော်တို့ စုဆောင်းနေရတဲ့အတွက် information တွေ၊ data တွေ စုဆောင်းနေရတဲ့အတွက် နည်းနည်းကြန့်ကြာနေတဲ့ သဘောဖြစ်တယ်” ဟု ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် မြို့နယ်သုံးခုတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း တစ်ချို့နေအိမ်များသည် ပျက်စီးသွားမှုရှိသဖြင့် လူနေထိုင်ရန်အခက်အခဲများလည်းရှိသည်။ ယင်းအပြင် သောက်ရေကန်များကို ရေလွှမ်းမိုးသွားသဖြင့် သောက်ရေအခက်အခဲရှိနေပြီး စိုက်ပျိုးထားသည့် စပါးများလည်း ပျက်စီးမှုရှိသဖြင့် လယ်သမားအတွက်လည်း အခက်အခဲများရှိနေသည်။




