ပြီးခဲ့သည့်နှစ်က မြောက်ဦးမြို့နယ်တွင် လောင်ကျွမ်းနေသည့် တောမီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်နေစဉ်။ (ဓာတ်ပုံ - ပျံလွှား)

နှင်းနွယ် | DMG
မတ်လ ၁၈၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပီပင်ကုန်းကျေးရွာအနီးရှိ တောင်တန်းများတွင် မတ်လ(၁၈)ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်တွင် တောမီးလောင်ကျွမ်းရာမှတစ်ဆင့် လူနေအိမ် (၇)လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ကျေးရွာနှင့် တစ်ဖာလုံခန့်ဝေးကွာသည့် တောင်တန်းများတွင် တောမီးလောင်ကျွမ်းရာမှ ကျေးရွာအတွင်းသို့ မီးပွားများကျရောက်ကာ ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ပီပင်ရင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းက ပြောသည်။

“မီးလောင်တာကတော့ ကျနော်တို့ရွာနားက တောင်တန်းမှာတောမီးစလောင်တာ။ လေကလည်း ဒီနေ့ အရမ်းတိုက်နေတော့ မီးလောင်တဲ့နေရာက မီးပွားတွေက ကျနော်တို့ရွာက ဓနိမိုးထားတဲ့ အိမ်ကိုကျလာတာ။ အဲဒီကနေတစ်ဆင့် တခြားအိမ်တွေကို ကူးသွားတာ” ဟု ၄င်းကပြောသည်။

နေအိမ်များအတွင်းမှ ပစ္စည်းများပါ မီးလောင်ရာတွင် ပါသွားသည့်အတွက် ဆုံးရှုံးမှုအမြောက်အများရှိကြောင်း နေအိမ်မီးလောင်သွားသူ ဦးမောင်ကျော်သန်းက ပြောသည်။

“အိမ်က တစ်အိမ်လုံးပြာကျသွားတာ။ ဘာမှလည်းမကျန်တော့ဘူး။ ကျနော့်မှာက အိမ်ကအသစ်ဆောက်ထားတာ။ ဆောက်လို့တောင်မပြီးသေးဘူး။ ကျနော့်တစ်ယောက်တည်းမှာတောင် စုစုပေါင်း သိန်း(၁၀၀) ကျော်ဖိုးလောက်ပါသွားတယ်။ ဆုံးရှုံးသွားတာတွေက များတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်” ဟု ၄င်းကပြောသည်။

ယခုကဲ့သို့ နေအိမ်တစ်ခုလုံး မီးလောင်ပြာကျသွားသည့်အတွက် လက်ရှိတွင် နေထိုင်စားသောက်ရေးပိုင်းတွင် အခက်အခဲများရှိနေကြောင်း ၄င်းကပြောသည်။

“အခက်အခဲကတော့ အကုန်ပဲ။ အဝတ်အထည်တွေလည်း အခက်အခဲရှိနေတယ်။ အစားအသောက်ရော နေထိုင်ဖို့နေရာရော အကုန်အခက်အခဲရှိနေတယ်။ ပစ္စည်းတွေအကုန်လုံးက မီးထဲပါသွားတာ။ ခန္ဓာကိုယ်မှာ ဝတ်ထားတာလောက်ပဲ ကျန်ခဲ့တာ” ဟု ၄င်းကဆက်ပြောသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဒေသခံများထံက သိရသည်။

Author: Admin