ချလူးအောင် | DMG
သြဂုတ် ၁၅ ၊ မောင်တော

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် မူလတန်းပြကျောင်းဆရာ နိုင်အောင်ထွန်းမှာ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ကျောင်းဆရာနိုင်အောင်ထွန်းမှာ ကိုယ်ခန္ဓာနာကျင်မှုကြောင့် ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ယနေ့ ဓာတ်မှန်ရိုက်ခဲ့ရာ ဆရာဝန်က ဆေးရုံတက်ရောက်ကုသရန် ညွှန်ကြားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
၎င်းအား တပ်ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသပေးနေကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ အရာရှိတစ်ဦးကပြောသည်။

“ဆေးကုသခွင့် မပေးဘူးဆိုတာမဟုတ်ပါဘူး။ ကောလဟာလတွေပါ စစ်ဆေးရုံကိုတင်ပြီး ဆေးကုသနေပါတယ်” ဟု ၎င်းအရာရှိက ပြောသည်။

ကျောင်းဆရာနိုင်အောင်ထွန်းမှာ စစ်ဆေးခံရချိန်တွင် ရိုက်နှက်မှုများကြောင့် မျက်နှာတွင်ဖူးရောင်နေကြောင်း ၎င်း၏ဖခင် ဦးဘသန်းမောင်က ပြောသည်။

“ရိုက်ပုတ်ပြီးနှိပ်စက်ထားတာ အတွင်ကြေသွားတယ်ထင်ပါတယ်။ မျက်နှာတွေလည်း ဖူးရောင်နေပါတယ်။ ကျွန်တော် ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ပါ။ အခု ပညာရေးမှူးဆီ စာနဲ့အကြောင်းကြားထားပါတယ်။ နောက်ပြီး လွှတ်တော်အမတ်တွေဆီလည်း အကြောင်းကြားထားပါတယ်” ဟု ဦးဘသန်းမောင်ကပြောသည်။

ကျောင်းဆရာ နိုင်အောင်ထွန်းအပါအဝင် ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်နှင့် ကျောက်ရံကျေးရွာမှ ဦးကျော်သူစိုး၊ သရက်ပြင်ကျေးရွာမှ မောင်ထွန်းစိန်၊ ဖုံညိုလိပ်ကျေးရွာမှ မောင်ဖြူဒေါင်းတို့ကို AA နှင့် ဆက်သွယ်သည်ဟုဆိုကာ သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ထားသည်။

လက်ရှိတွင် ကျောင်းဆရာနိုင်အောင်ထွန်းအား တပ်ဆေးရုံတွင် ဆေးကုသပေးနေသော်လည်း မိသားစုဝင်များမှ ပြင်ပဆေးရုံတွင်တက်ရောက်ပြီး အနီးကပ်ပြုစုစောင့်ရှောက်ရန် လိုလားနေကြသည်။
ကျောင်းဆရာနိုင်အောင်ထွန်းသည် ကျောက်ရံကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ၎င်းအပါအဝင် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၅ ဦးကို သြဂုတ်လ ၁၃ ရက်နေ့က ချုပ်ရမန်ယူစစ်ဆေးနေခြင်းဖြစ်သည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်းကိုလည်း သြဂုတ်လ ၇ ရက်နေ့တွင် တပ်မတော်ကဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ကာ ချုပ်ရမန်ယူစစ်ဆေးလျက်ရှိနေသည်။

Author: Admin