ဓာတ်ပုံ - တင်းမကျေးရွာသားများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၄င်းတို့၏ မိသားစုဝင်များက စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်။

နှင်းနွယ် | DMG
ဒီဇင်ဘာ ၂၉ ၊ စစ်တွေ

ဖမ်းဆီးခံရပြီးနောက် ကိုးလကျော်ကြာ ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား(၁၈)ဦးနှင့်ပတ်သက်၍ မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာလ ၂၉ ရက်နေ့)တွင် ပထမဆုံးအကြိမ် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

တင်းမကျေးရွာသားများ ပျောက်ဆုံးနေမှုအပေါ် မိသားစုဝင်များက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူ့အခွင့်အရေးအဖွဲ့များထံသို့ တိုင်ကြားထားသဖြင့် တိုင်တန်းစာ၌ပါရှိသည့်ဖြစ်စဉ်မှာ မှန်ကန်မှု ရှိ၊မရှိကို စုံစမ်းစစ်ဆေးသွားမည်ဟု မြောက်ဦးခရိုင်ရဲစခန်းမှ တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မိသားစုဝင်များအားခေါ်ယူကာ ဖမ်းဆီးခံရသူများအကြောင်းနှင့် မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်တို့ကို မေးမြန်းခဲ့သည်ဟု ဖမ်းဆီးခံရသူများထဲတွင် စကားမပြောတတ်သည့် သားဖြစ်သူ ပါဝင်သွား၍ သွားရောက်စစ်ဆေးခံခဲ့သူ ဒေါ်ဆိတ်မကြီးက DMG သို့ပြောသည်။

“ဘယ်သူက ဖမ်းသွားလဲဆိုတာကိုမေးတယ်။ ပြီးတော့အဖမ်းခံရပြီး ပြန်လွှတ်ထားခဲ့တဲ့သူတွေကိုလည်း မေးမြန်းဖို့ခေါ်ထားတယ်တဲ့။ သူတို့ကတော့ ပြည်နယ်ကစုံစမ်းစစ်ဆေးခိုင်းတဲ့အတွက် ခေါ်စစ်ရတာပါလို့ ပြောတယ်။ ပြီးတော့ ခင်ဗျားတို့ဆီကရတဲ့ အချက်အလက်တွေကို ပြည်နယ်အဆင့်ကို ပြန်တင်ပြရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်” ဟု ၎င်းကပြောသည်။

ယနေ့သွားရောက်စစ်ဆေးခံခဲ့ရာတွင် တင်းမကြီးကျေးရွာသား ၄ ဦးနှင့် တင်းမ(သစ်)ကျေးရွာသား ၈ ဦးတို့ ပါရှိပြီး ကျန်မိသားစုဝင်များမှာ လမ်းခရီးစိုးရိမ်၍ မလိုက်ဘဲကျန်ရှိနေခဲ့ကြောင်း ဒေါ်ဆိတ်မကြီးက ဆက်ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေသည်မှာ ကိုးလကျော်ကြာမြင့် နေပြီဖြစ်သဖြင့် မည်သည့်နေရာ၌ရှိနေသည်ကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးစေလိုကြောင်း မိသားစုဝင်များကတောင်းဆိုကြသည်။

“ရဲတွေကတော့ လုပ်ပေးမယ်လို့ပြောတာပဲ။ ဘယ်အချိန်၊ ဘယ်လိုပုံစံလုပ်ပေးမယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ရဲတွေအနေနဲ့ သူတို့ဘယ်နေရာမှာရှိနေတယ်ဆိုတဲ့ အဖြေတစ်ခုကိုသိရအောင် လုပ်ပေးစေချင်တယ်။ ပျောက်နေတာလည်း အရမ်းကြာနေပြီ။ သားသမီးတွေက သူ့အဖေကိုတွေ့ချင်တယ်လို့ပြောတဲ့အချိန်ကျရင် ကျမအရမ်းဝမ်းနည်းရတယ်’’ ဟု ဖမ်းဆီးခံရသူ ဦးယဉ်မောင်၏ ဇနီး ဒေါ်မိုးနှင်းနွယ်က ပြောသည်။

တင်းမကိစ္စအား စုံစမ်းစစ်ဆေးရန် မည်သူတို့မှ ညွှန်ကြားခြင်းဖြစ်ကြောင်းနှင့် မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ကိုမေးမြန်းရန် မြောက်ဦးခရိုင်ရဲစခန်းသို့ DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက တင်းမဖြစ်စဉ်မှာ လူတစ်ဦး တစ်ယောက်၏ မျက်စိရှေ့၌ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ရွာလုံးကျွတ်နီးပါးမြင်တွေ့ခဲ့ရသည့်ဖြစ်စဉ်ဖြစ်၍ အမှန်တရားကို အချိန်အကြာကြီး ဖုံးကွယ်မရနိုင်ကြောင်း ပြောသည်။

“အမှန်တရားကို ဘယ်လိုအင်အားနဲ့ပဲ ဖုံးကွယ်မလဲဆိုတာတော့ သူတို့မှာရှိမှာပေါ့။ ဒါပေမယ့် ကာလတစ်ခုလောက်ပဲ ဖုံးကွယ်လို့ရချင်ရမယ်။ အမှန်တရားဆိုတာက အမြဲတမ်းဖုံးရတဲ့အရာမဟုတ်ဘူး။ ကျနော်တို့ကတော့ အမှန်တရားတစ်ခုပေါ်လာအောင် အမှန်တရားကိုချစ်မြတ်နိုးတဲ့သူတွေ၊ လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့ သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်သွားမယ်” ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာမှ ရှစ်တန်းကျောင်းသားတစ်ဦး အပါအဝင် ရွာသား(၁၈)ဦးတို့ကို ယခုနှစ် မတ်လအတွင်းက ကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲနေထိုင်နေသည့် တပ်မတော်သားများက ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

အဆိုပါပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ယခုဒီဇင်ဘာလအတွင်းက ကျောက်တော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရန် မိသားစုဝင်များမှကြိုးပမ်းသော်လည်း အမှုနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ရဲစခန်းတွင် အပ်နှံခဲ့ပြီးနောက် ပျောက်ဆုံးသွားသည်ဟု ကာယကံရှင်မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုထားသည်။

Author: Admin