
ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၂၆ ၊ စစ်တွေ
တပ်မတော်၏ လုံခြုံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖေ့ဘွတ်ခ် (Facebook) လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ ၁၀ တန်း ကျောင်းသားတစ်ဦးကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အသံအဖွဲ့ကပြောသည်။
ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာမှ ၁၀ တန်းကျောင်းသားဖြစ်သူ မောင်တင်ချမ်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (ခ) ဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် မောင်တင်ချမ်း အသက် (၁၉) နှစ်မှာ ဂျပန်ခေတ်က ရခိုင်သားချေ အမည်ဖြင့် Facebook အကောင့်ကို အသုံးပြုကာ ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ရေယာဉ်များအား လာရောက်တိုက်ခိုက်ရန် AA အား တိုက်တွန်းခြင်း၊ ခေါ်ယူခြင်းများကို ရေးသားခဲ့သည်ဟုဆိုကာ ကျောက်ဖြူမြို့ ဓညဝတီရေတပ်ဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးအောင်က တရားလိုပြုလုပ်ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တစ်နှစ်နှင့် ၅ လကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ကျောက်ဖြူတရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမှုကိုလိုက်ဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ကျောက်ဖြူရုံးခွဲမှ တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးဦးညွန့်မောင်က ပြောသည်။
“တရားရုံးအနေနဲ့ အမှုတွဲပေါ်ပေါက်ချက်အရ သူတို့တိုင်ချက်၊ အမှုတွဲ သက်သေတွက်ဆိုချက်တွေအရ အပြစ်ရှိတယ်လို့ သုံးသပ်တာကြောင့် ကျောက်ဖြူမြို့နယ် တရားရုံးက ချမှတ်လိုက်တယ်လို့ ထင်ပါတယ် ” ဟု ဦးဦးညွန့်မောင်က ပြောသည်။
လူ့အခွင့်အရေးနှင့်အညီ လွတ်လပ်စွာ ရေးသားထုတ်ဖော်သည့် ပြည်သူများကို တရားမျှတမှုမရှိသည့် ဥပဒေပုဒ်မဖြင့် တရားစွဲဆို အရေးယူခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုသာဖြစ်ကြောင်း အသံအဖွဲ့မှ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောသည်။
“စစ်တပ်ကနေပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုကို ခရစ်စမတ်လက်ဆောင်အနေနဲ့ ပေးလိုက်တာလို့မြင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တောင် လူ့အခွင့်အရေးကိုတောင်မှ အာမခံမပေးနိုင်ဘဲနဲ့ တကယ်ရင်ကြားစေ့ရေးကိုတော့ ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ဘူးခင်ဗျာ” ဟု ၎င်းကဆိုသည်။
၁၀ တန်း ကျောင်းသားတစ်ဦးကို ကျောင်းတက်နေစဉ်တွင် ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ မတရားသည့် ဥပဒေပုဒ်မဖြင့် ချမှတ်လိုက်ခြင်းဖြစ်သည့်အတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မောင်တင်ချမ်း၏ အစ်မဖြစ်သူ ဒေါ်အေးအေးက ပြောသည်။
“၅ နှစ်ဆိုတာက တော်တော်များတာပေါ့၊ တရားမျှတမှုရှိလား မရှိလားလည်း မသိတော့ဘူး၊ သူတို့ လုပ်ချင်သလိုလုပ်တော့ ကျမတို့ခံရတာပေါ့၊ အဲဒါနဲ့ပတ်သက်ပြီး ကျမတို့ ဆောင်ရွက်ရမယ့်ဟာတွေကို ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆိုသည်။
မိသားစုဝင်များအနေဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်အပေါ်တွင် တရားလွှတ်တော်အဆင့်ဆင့်တွင် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဦးဦးညွန့်မောင်က ပြောသည်။
“တကယ်လို့ အမှုသည်ကတော့ တရားမျှတမှုမရှိ၊ ဥပဒေလမ်းကြောင်းအရလည်း ကင်းနေတယ်ဆိုရင်တော့ ကျနော်တို့က ဆက်ပြီးတော့ အထက်တရားရုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဥပဒေနဲ့အညီ သူတို့ရဲ့အခွင့်အရေးကို တောင်းဆိုသွားပါမယ်” ဟု ၎င်းက ပြောသည်။
မောင်တင်ချမ်းအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ရဲက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံးသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
NLD အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရမှု ၄ မှုရှိကြောင်း အသံအဖွဲ့မှ သိရသည်။




