
စိုးအောင်|DMG
ဇူလိုင် ၁၅၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နယ်မြေမငြိမ် မသက်ဖြစ်ကာ ပြည်သူများအလုပ်လက်မဲ့အခြေအနေကြောင့် ရွှေအရောင်းအဝယ် နည်းပါးနေကြောင်း ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
“ပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ အောက်ခြေသိမ်းကအစ အပေါ်အထိ ဘယ်သူမှ အလုပ်မလုပ်ရဘူး။ ဝယ်တာထက် ပေါင်တာက ပိုများတယ်။ စားဝတ်နေရေးအတွက် သူတို့က ရှိတာတွေကို ယူလာပြီးတော့ ဆိုင်မှာရောင်းကြ၊ ပေါင်ကြတယ်။ သူတို့ဆီက ဝယ်ရတာပဲရှိတယ်။ ရောင်းရတာက မရှိသလောက် ဖြစ်နေတယ်” လို့ ရွှေသရဖူ ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးသန်းကပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရွှေဈေးနှုန်း မြင့်တက်နေပြီး ဝယ်အားကျနေကြောင်းလည်း ရွှေဆိုင်လုပ်ငန်းလုပ်ကိုင် သူများကဆိုသည်။
ယင်းအပြင် စိုက်/ဘဏ်ကို ချေးငွေပြန်ဆပ်ရသည့် အချိန်ဖြစ်သည့်အတွက် လက်ဝတ်ရတနာများကို ပေါင်နှံကြသူများလည်းရှိသလို တစ်ဖက်တွင်လည်း ဒေသတွင်း တိုက်ပွဲအခြေအနေများကြောင့် စားသောက်ရေးထက် နေထိုင်ရေး ခက်ခဲလာသဖြင့် ရွှေထည်ပစ္စည်းများကို လာရောက် ပေါင်နှံရောင်းချမှုများ ရှိနေခြင်းဖြစ်သည်။
“တစ်ချို့လူတွေကျတော့ စားဝတ်နေရေးတွေ အခက်အခဲ ဖြစ်နေတယ်။ နေစရာ နေရာမရှိတော့ ပစ္စည်းပေါင်ချင်တယ်ဆိုရင်တောင် ဘယ်ပစ္စည်းကို ပေါင်ရမယ်မသိ ဖြစ်နေတယ်။ ရွှေဆိုင်တွေက ရွှေတစ်ခုပဲ အပေါင်ခံတယ်” လို့ မိုးမခ ရွှေဆိုင်ပိုင်ရှင် ဒေါ်အေးမြတ်ဝေက ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိရွှေဈေးကွက် အခြေအနေမှာ ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၃၃၄၀၀၀ ကျပ်နှင့် ရွှေ ၁၂ ပဲရည် တစ်ကျပ်သားကို ၇၅၀၀၀၀ ကျပ် ရှိကြောင်းလည်း သိရသည်။




