စိုးအောင် | DMG
ဇူလိုင် ၃ ၊ စစ်တွေ
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သွားလာနေကြသော ခရီးသည်များ အခက်အခဲ ဖြစ်ပေါ်လာပါက အခမဲ့တည်းခိုနိုင်ရန်အတွက် ကစ္ဆပနဒီအမည်ဖြင့် ဧည့်ရိပ်သာတစ်ခုကို ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ဇူလိုင်လ ၂ ရက်နေ့က ဖွင့်လှစ်လိုက်သည်။
အဆိုပါ ဧည့်ရိပ်သာမှာ ရန်ကုန်- မန္တလေး အမြန်လမ်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း မိုင်တိုင်အမှတ် ၁၃၇ မိုင် ၂ ဖာလုံတွင် တည်ရှိပြီး အကြောင်းတစ်စုံတစ်ခုကြောင့် ခရီးသည်များ အခက်အခဲရှိလာပါက အခမဲ့တည်းခိုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ မီးသတ်ကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို ဆောင်ရွက်ရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ညွှန်ချုပ်ကြီးက ပြည်သူတွေ အမြန်လမ်းမှာ သွားလာတဲ့အခါမှာ ဒုက္ခရောက်ရင် ကူညီနိုင်အောင် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းက ပြောသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ်တွင် မီးသတ်စခန်း ၁၅ ခုရှိပြီး ပြည်နယ်နှင့် တိုင်းအလိုက် ဧည့်ရိပ်သာများကို ဖွင့်လှစ်ထားခြင်းဖြစ်ကာ ရခိုင်ပြည်နယ်အနေဖြင့်လည်း အများပြည်သူ အကျိုးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧည့်ရိပ်သာ၌ ချက်ပြုတ်စားသောက်နိုင်ရန်အတွက်ပါ စီစဉ်ထားသည်။
“ကျွန်တော်တို့က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ရတဲ့အတွက်ကြောင့် အမြန်လမ်းမှာ အချိန်မတော်ဖြစ်လာရင် ဘေးအန္တရာယ်၊ ဒုက္ခတွေ မရောက်ရအောင် ကူညီတဲ့သဘောပါ” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းက ပြောသည်။
ဧည့်ရိပ်သာတွင် နှစ်ယောက်အိပ် ကုတင် ၁ လုံး၊ တစ်ယောက်အိပ် ကုတင် ၃ လုံးနှင့် ရေချိုးခန်း၊ အိမ်သာအပြင် မီးဖိုချောင်သုံးပစ္စည်းများပါ ထားရှိပြီး အမြန်လမ်းမပေါ်၌ သွားလာနေသည့် ခရီးသည်များအနေဖြင့် တစ်စုံတစ်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနကို ဆက်သွယ်ကာ အကူညီတောင်းခံနိုင်ကြောင်း ၄င်းကဆိုသည်။




