မောင်တောဒေသက မွတ်ဆလင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ချလူးအောင်

ချလူးအောင်|DMG

ဇူလိုင် ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ ဇူလိုင်လ ၂၂ ရက်နေ့က လက်နက်ကြီးကျည်ဆန် ထိမှန်၍ ဆင်သေပြင်ကျေးရွာက အသက် (၁၅) နှစ်အရွယ် နှန်မာမောက်မှာ ဒဏ်ရာရရှိသွားသည်ဟု သူ့ဖခင် ချုလ်လာမောက်က DMG ကိုပြောသည်။

ညနေ ၃ နာရီကျော်အချိန်ခန့်တွင် စံဂိုးတောင်ကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ည (၁၀) နာရီခန့်တွင် နာရီဝက်ခန့် တစ်ကြိမ်စီ လက်နက်ကြီးသုံးလုံး ဆင်သေပြင်ရွာထဲသို့ ကျရောက်လာခဲ့စဉ် မွတ်ဆလင်လူငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဆင်သေပြင်ကျေးရွာသည် စံဂိုးတောင်ကျေးရွာအုပ်စုတွင်ပါဝင်သည့် မွတ်ဆလင်ကျေးရွာဖြစ်သည်။

“ကျွန်တော့်အိမ်နားမှာကျတဲ့ အလုံးက ထိမှန်တာပါ။ ညအချိန်ဆိုတော့ ဆေးရုံကို မပို့နိုင်ခဲ့ဘူး။ ဒီနေ့ မနက်မှ ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပါတယ် ”ဟု ဒဏ်ရာရသူ၏ဖခင် ချုလ်လာမောက်က ပြောသည်။

ကျည်ဆန်ထိမှန်မှုကြောင့် အသက်(၁၅)နှစ်အရွယ် လူငယ်မှာ ကျောကုန်းတွင် ဒဏ်ရာသွားခြင်းဖြစ်ပြီး ဒဏ်ရာ မပြင်းထန်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဆိုသည်။

စံဂိုးတောင်ကျေးရွာအုပ်စုတွင် ဥယျာဉ်သာ၊ ချရှားတောင်၊ ဆင်သေပြင်၊ ထိပ်တူးပေါက်စသည့် ကျေးရွာ (၆)ရွာ ရှိပြီး ယင်းကျေးရွာအနီးတို့တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း ဆင်သေပြင်ကျေးရွာက ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ကျည်ဆန်ထိမှန်သွားသောကြောင့် ဗိုက်ထဲရှိ ကလေးငယ်သေဆုံးသွားသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ရွာမှ (၁) ကီလိုမီတာ အကွာအဝေးရှိ တောစပ်၌ နေ့လည် ၂ နာရီ (၃၀)မိနစ်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြို့နယ်အနှံ့က ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိနေပြီး ယင်းအထဲတွင် မွတ်ဆလင်များလည်း ပါဝင်နေသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း စိုင်းဒင်ချောင်းအနီးတွင် ဝါးခုတ်နေကြသည့် မွတ်ဆလင်များကို တပ်မတော်က ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုရှိခဲ့သောကြောင့် လူပေါင်း (၁၀)ကျော်ခန့် ဒဏ်ရာရရှိမှု ရှိခဲ့သည်။ တပ်မတော်၏ အဆိုအရ ၎င်းတို့သည် AA အဖွဲ့အား ပစ်ခတ်ရာတွင် AA နှင့်အတူရှိနေသည့် မွတ်ဆလင် ၆ ဦးသေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ဧပြီလ ၃ ရက်နေ့တွင် တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းအနီးတွင် စိုင်းဒင်ဝါးထုတ်လုပ်ရေးလုပ်ငန်းခွင်က အလုပ်လုပ်ကိုင်နေကြသည့် ဘင်္ဂါလီ ၁၁ ဦး သေဆုံးသွားကာ ၁၆ ဦး ဒဏ်ရာရရှိသွားသည်ဟု စိုင်းဒင်ဝါးထုပ်လုပ်ရေးမှ အလုပ်သမားတာဝန်ခံ အဘူဖွေယောက DMG ကိုပြောဆိုထားသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် ARSA အကြမ်းဖက်အဖွဲ့ က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင်  မွတ်ဆလင် (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

 

Author: ချလူးအောင်