အောင်ထိန် /DMG
ဇွန်လ ၂၇၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာယာကုန်းကျေးရွာက ဒေသခံတစ်ဦးမှာ ဇွန်လ ၂၆ ရက်နေ့၊နံနက် ပိုင်း ကျည်ဆန်ထိမှန်သွားသောကြောင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
အသက် (၃၃)နှစ်အရွယ် ဦးဝင်းမောင်သည် သူ့ဖခင်နှင့်အတူ ကျွဲလွှတ်ရန်အတွက် ရွာပြင်သို့ သွားရောက်စဉ် တပ်မတော်သားများနှင့် တွေ့သောကြောင့် ကြောက်လန့်၍ ထွက်ပြေးရာ တပ်မတော်သားများ၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု အပစ်ခံရသူ ဦးဝင်းမောင်က DMG ကိုပြောသည်။
“ဒဏ်ရာက ဘယ်ဖက်ပေါင်မှာတော့ နည်းနည်းထိသွားတယ်။ နောက် ညာဖက်ခြေသလုံးမှာတော့ ဟိုဖက်ဒီဖက် ဖောက်သွားတယ်။ ဒဏ်ရာကတော့ စိုးရိမ်လောက်တဲ့ထိ ပြင်းပြင်းထန်ထန်တော့မဟုတ်ဘူး” ဟု သူက ဆက်လက်ပြောသည်။
“အဲဒီကိစ္စကို ကျနော်တော့ ဘာမှမသိသေးဘူးခင်ဗျ။ စုံစမ်းကြည့်လိုက်ဦးမယ် ”ဟု အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ဇွန်လ ၂၆ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဇီးချောင်းနှင့် ပဇိုင်းဆည်အကြားရှိ “အုတ်ဖိုတောင်တန်း” ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က ထုတ်ပြန်ထားသည်။




