ဓာတ်ပုံ - ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန

ဝင်းညွန့် | DMG

သြဂုတ် ၇၊ စစ်တွေ

ဂွမြို့နယ် ချောင်းသာကြီးကျေးရွာအုပ်စု အုန်းပင်ချောင်းဝအနီး ချောင်းရေလည်ဝဲတွင်ကျရောက်မှုကြောင့် စက်လှေတစ်စီးအရှိန်မထိန်းနိုင်ဘဲနစ်မြုပ်မှု သြဂုတ်လ ၄ ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးမှာ ယနေ့အချိန်ထိ ပျောက်ဆုံးလျက်ရှိသည်။

၎င်းစက်လှေတွင် စက်လှေမောင်းသူ ဦးအေးမင်းထွန်းအပါအဝင် ဦးလှမြင့်၊ ဦးဇော်နိုင်ဦးတို့ သုံးဦးပါဝင်ပြီး နစ်မြုပ်မှုဖြစ်ပွားစဉ်တွင် ဦးဇော်နိုင်ဦးတစ်ဦးသာ ကမ်းသို့ကူးခတ်ရောက်ရှိခဲ့ပြီး ဦးအေးမင်းထွန်းနှင့် ဦးလှမြင့်တို့ နှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးနေသူနှစ်ဦးအား ဂွမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ပူးပေါင်း ရှာဖွေရေးလုပ်ဆောင်ခဲ့ရာ သြဂုတ်လ ၆ ရက်နေ့တွင် ပျောက်ဆုံးနေသူထဲမှ ဦးလှမြင့်အား ရဟိုင်ကူးတို့ ကျေးရွာအုပ်စု တိုက်ကျိုးချောင်းဝသဲသောင်ပြင်တွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဂွမြို့နယ်မီးသတ်တပ်ဖွဲ့က ပြောသည်။

“မနက် ၅ နာရီခန့်လောက်က ရေနစ်တဲ့နေရာနဲ့ ၆ မိုင် အကွာလောက်မှာတွေ့တယ်။ တိုက်ကျိုးချောင်းဝ သဲသောင်ပြင်မှာ အလောင်းတစ်လောင်းတွေ့တာ၊ ကျွန်တော်တို့သွားကယ်ပြီးတော့ ဆေးရုံကိုပို့ပေးခဲ့တယ်”ဟု ဂွမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

အဆိုပါစက်လှေသည် ဂွမြို့တစ်ဖက်ကမ်းရှိ ချောင်းသာကြီးကျေးရွာမှ စက်လှေဖြင့်ကွန်းညွန့်ခူးပြီး ဂွမြို့သို့ ပြန်လာစဉ် အုန်းပင်ချောင်းဝအနီးရေလည်ဝဲတွင် လှေအရှိန်မထိန်းနိုင်ဘဲ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

အုန်းပင်ချောင်းဝအနီး ချောင်းရေလည်ဝဲမှာ ယခင်ကတည်းကရှိနေပြီး ထိုနေ့က မိုးရွာသွန်းမှုများကြောင့် သတိမထားမိဘဲ ရေလည်ဝဲတွင်ကျရောက်သွားခြင်းဖြစ်နိုင်ကြောင်း ဦးမျိုးမင်းထွန်းကဆိုသည်။

“ရေလည်ဝဲက ဟိုးအရင့်ကတည်းကရှိတာပါ အဲဒီဝဲက။ သူတို့ဒေသခံတွေဆိုတော့ ပိုသိပါတယ်။ အဲဒီနေ့က မိုးတအားရွာတော့ မိုးမှောင်ကျပြီးတော့ သွားရင်၊ သွားရင်နဲ့ သတိမထားမိဘဲ ရေလည်ဝဲထဲကို ရောက်သွားတာ ဖြစ်မယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူတစ်ဦးအား ဂွမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဆက်လက် ရှာဖွေရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။