ခိုင်ရိုးလ/ DMG

ဇွန် ၂၆၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတိုးချဲ့ဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတက အဆိုပြုထားမှုကို ပြည်နယ်လွှတ်တော်တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းသင့်၊ မသင့် မဲခွဲဆုံးဖြတ်ကြရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တို့က ထောက်ခံကြသည်။

သို့သော် ရခိုင်အမျိုးသားပါတီ(ANP)ကြီးစိုးနေသော ပြည်နယ်လွှတ်တော်တွင် ယင်းအဆိုပြုချက် မအောင် မြင်ခဲ့ပေ။ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွင့်လှစ်ရေးကိစ္စကို မဲခွဲဆုံးဖြတ်ကြရာတွင် ကန့်ကွက်မဲ (၂၂) မဲ၊ ထောက်ခံမဲ (၁၃)မဲရှိခဲ့ပြီိး ကန့်ကွက်သူများသောကြောင့် သဘောမတူကြောင်းပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့ကြသည်။

ယနေ့ ပြည်နယ်လွှတ်တော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ် (၅)ဦးတက် ရောက်ခဲ့ကြရာ ဝန်ကြီးဌာနသစ် တိုးချဲ့မဖွဲ့စည်းသင့်ဟု NLD အမတ် (၁)ဦးက ကန့်ကွက်ခဲ့သည်။ ထောက်ခံသူများမှာ တပ်မတော်သားကိုယ်စားလှယ် (၉)ဦးအပြင် NLD အမတ် (၄) ဦးတို့ဖြစ်သည်။

ယခု ဝန်ကြီးဌာနကို ဖွဲ့စည်းလိုက်လျှင် အလုပ်များကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ထောက်ခံခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသူက ပြောသည်။

“ ကျွန်တော့်အတွေ့ကြုံအရ ပြောရမယ်ဆိုရင် ဆိုက်တွေကအများကြီးပဲ အများကြီးကို တစ်ဦးတစ်ယောက်လုပ်တာထက် ခွဲပြီးတော့ လုပ်ပိုင်ခွင့်တွေပေးတာ ပိုပြီးတော့ထိရောက်တယ်။ ဒါတပ်မှာလည်း ဒီအတိုင်းပါပဲ။ အောက်ကို အာဏာပေးရတဲ့သဘောမျိုး လုပ်ပိုင်ခွင့်တွေ ပေးရတဲ့ သဘောမျိုးရှိတယ်။ ဒီလိုပါပဲ အစိုးရတဖွဲ့မှာလည်း သူတစ်ယောက်တည်းက ချုပ်ကိုင်ပြီးလုပ်နေရင် သိပ်ပြီးတော့ ထိထိရောက်မရှိဘူး။ တကယ်လို့သာ ခွဲပြီးတော့မှ သီးသန့်လုပ်ပိုင်ခွင့်တွေပေးမှ လုပ်ငန်းတစ်ခုအတွက် ပိုပြီးထိထိရောက်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။   

ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်ပြဿနာများရှိနေသည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးကို ထိခိုက်မည်ကို စိုးရိမ်၍ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဘူးသီးတောင်မြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောသည်။

 “ ဒီဝန်ကြီးဌာနမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်။ ဒီမှာ လူဝင်မှုကြီးကြပ်ရေးက ပါလာတယ်။ လက်ရှိရှိနေတဲ့ အနေအထားမှာ ဒီဝန်ကြီးဌာနဖွဲ့စည်းလိုက်ခြင်းအားဖြင့် အခြေနေတွေဟာ ပိုပြီးတော့ နိုင်ငံတော်ရဲ့အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာ ရေရှည် တည် တံ့ခိုင်မြဲရေးကို တစ်စုံတစ်ရာထိခိုက်လာနိုင်မလားလို့ စိုးရိမ်မှုတွေနဲ့ ကန့်ကွက်ကြတယ်လို့မြင်ပါတယ်  ” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရန်အတွက် သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီ ချက်ကို ရယူရန် ဇွန်လ (၁၉) ရက်နေ့က အကြောင်းကြားခဲ့သည်။

 

Author: ခိုင်ရိုးလ