
ကျော်သူဌေး| DMG
မတ် ၂ ၊ စစ်တွေ
လူ့အခွင့်အရေးချိုးဖောက်ခံရပါက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းတွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံးခွဲတွင်လည်း တိုင်ကြားနိုင်သည်ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။
နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(CRC)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်(CEDAW)တို့ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်း ခံရပါက တိုင်ကြားနိုင်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(ICESCR)တို့ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရလျှင်လည်း ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးအတွက်ဖြစ်စေ၊ လူတစ်စုကို ကိုယ်စားပြု၍ဖြစ်စေ တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကာလအတွင်း အရပ်သားများသေဆုံးမှုများ ရှိနေသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ တိုင်ကြားမှုများရှိပြီး ကော်မရှင်ကလည်း မြေပြင်သို့ ကွင်းဆင်းစစ်ဆေးမှုဖြစ်စဉ်တစ်ခုရှိခဲ့သည်။
၂၀၁၉ ခုနှစ်၊မေလ ၂ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ရွာသား (၂၇၅)ဦးကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေစဉ်အတွင်း တပ်မတော်က ပစ်ခတ်လိုက်မှုကြောင့် လူ (၈)ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရရှိသွားသည်။
ထိုသို့ ပစ်ခတ်ခံရမှုမှာ စိတ်မနှံ့သူတစ်ဦးက အော်ဟစ်စဉ်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသော်လည်း တပ်မတော်ကမူ ရွာသားများ သေနတ်ဝင်လုသဖြင့် မဖြစ်မနေ ပစ်ခတ်လိုက်ရခြင်းဟု တုန့်ပြန်ခဲ့ကြသည်။ ယင်းကိစ္စအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုမရှိဟု ထုတ်ပြန်ခဲ့သည်။
ယင်းစုံစမ်းမှုရလာဒ်နှင့်ပတ်သက်ပြီး မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိသည်ဟုဆိုကာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံများဝေဖန်မှုရှိခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်ခြင်းခံရ၍ တိုင်ကြားလိုလျှင် တိုင်တန်းသူ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံထည့်သွင်းဖော်ပြရန်၊ တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေးဖောက်ဖျက်ခံရကြောင်း အချက်အလက်များဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားများ ပူးတွဲလျက် ပြည့်စုံစွာဖော်ပြရန်၊ တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသာဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရန်၊ တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ပူးတွဲပေးပို့ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။
“ဥက္ကဌ၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ပြည်လမ်း၊လှိုင်မြို့နယ်၊ရန်ကုန်မြို့”သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေတိုင်ကြားနိုင်သည်။




