ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်း အိမ်ခြံမြေဈေးများမှာ ငါးနှစ်အတွင်း သုံးဆကျော်ထိ မြင့်တက်လာပြီး ဈေးနှုန်းထိန်းညှိနိုင်ရေးအတွက် ပြည်နယ်အစိုးရဆောင်ရွက်နိုင်သော်လည်း အခက်အခဲများရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်မြင့်က ဆိုသည်။

စစ်တွေမြို့ရှိ တရားသီးစုရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ စံပြရပ်ကွက်နှင့် မြို့သီးကြီးရပ်ကွက်များတွင် ၂၀၁၅ ခုနှစ်က ပေ ၄၀×၆၀ မြေကွက်တစ်ကွက်လျှင်သိန်း တစ်ထောင်ကျော်ခန့်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင်မူ အဆိုပါမြေကွက်တစ်ကွက်လျှင် သိန်း ၃ ထောင်ကျော်အထိ ဈေးခေါ်ရောင်းချမှုများရှိကြောင်း ရခိုင်ပြည်နယ်၊ အိမ်ခြံမြေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအသင်းမှသိရသည်။

Sittwe Service Agncy အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အဖွဲ့ဝင် ကိုဝေယံဖြိုးက “ဈေးတွေကတော့ အဓိကျတဲ့နေရာတွေဆိုရင် သိန်း ၅ ထောင်ကျော်အထိတောင်းကြတယ်။ အဓိကနေရာကျရင် ကျသလောက်ပေါ့။ တချို့ဆိုရင် သိန်း ၈ ထောင်ကျော်ထိတောင်းကျတယ်။ ခန်းမှန်းလိုတော့ မရဘူးဗျာ” ဟု ၄င်းကဆိုသည်။

ယင်းသို့ အိမ်ခြံမြေဈေးများ အဆမတန်မြင့်တက်လာခြင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများလာခြင်းကြောင့် စစ်တွေမြို့တွင်း မြေကွက်ဝယ်ယူမှုအပေါ်တွင် မြေပိုင်ရှင်များဘက်မှ ဈေးနှုန်းကစားခြင်းမှ စတင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“အခုလို့ မြေကွက်တွေဈေးတက်လာကတော့ ကျနော်အမြင်ကိုပြောရမယ့်ဆိုရင် တိုက်ပွဲဖြစ်တဲ့ ဒေသခံတွေက သူတို့နေရာမှာ မနေရဲတဲ့အတွက် စစ်တွေမြို့ပေါ်ကို ခိုလှုံလာကြတာပေါ့နော်။ အဲဒါကြောင့် မြေကွက်ပိုင်ရှင် တွေက ဈေးတွေတင့်လာကြတယ်လို့မြင်တယ်” ဟု ၄င်းကဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ဖြစ်သောကြောင့် မြေပိုင်ရှင်နှင့် ဝယ်ယူသူအကြား သဘောတူညီမှုမှတစ်ဆင့် အရောင်းအဝယ်ဖြစ်နေခြင်းကို အစိုးရမှ လိုက်လံကန့်သတ်ရန် မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်မြင့်က ဆိုသည်။

“ဈေးကွက်စီးပွားရေးစနစ်ဖြစ်တာကြောင့် ဒီလိုလုပ်ဖို့ အခက်အခဲရှိပါတယ်။ အရင်ခေတ်ကလိုမျိုး ဒီလို လက်ဝါးကြီးအုပ်တာမျိုး မရှိရဘူးကွ၊ အများကြီးချမ်းသာတဲ့လူတွေဆီကနေ အားလုံးကို ပြည်သူပိုင်သိမ်းမယ်၊ မရှိတဲ့လူတွေကို ဝေမျှပေးမယ်ဆိုတာမျိုးလုပ်လို့မရဘူး၊ ခေတ်စနစ်တွေကမတူတော့ဘူးလေ” ဟု၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အတွင်းရေးမှူး ဦးစံရှားမောင်ကမူ အစိုးရ အနေဖြင့် အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုကိုထိန်းညှိနိုင်ရေးအတွက် စစ်တွေမြို့အနီးတစ်ဝိုက်တွင် မြေကွက် အသစ်များဖော်ဆောင်ပြီး အိမ်ယာတိုက်ခန်းများဆောက်လုပ်ကာ ပြည်သူလူထုထံသို့ သင့်တင့်သော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချမှုမျိုးကိုပြုလုပ်နိုင်ကြောင်း ထောက်ပြပြောဆိုသည်။

“အစိုးရအနေနဲ့ မြေကွက်တွေဈေးလျော့ဖို့ လုပ်ပေးနိုင်တာတစ်ခုရှိတယ်။ စစ်တွေမြို့ဝန်းကျင်မှာရှိတဲ့ခြံတွေကို အိမ်တွေဆောက်ပြီးတော့ ဈေးလျှော့ပြီးရောင်းသင့်တယ်။ အဲဒီလိုလုပ်ပေးရင်တော့ သာမန်လူတွေလည်း ဝယ်နိုင်မယ်။ မြေကွက်တွေဈေးလျော့ဖို့အတွက် အစိုးရမှာလဲတာဝန်ရှိတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ယင်းသို့မြေကွက်အသစ်များ ဖော်ဆောင်ရန်အတွက် အစိုးရတွင် မြေယာပိုင်ဆိုင်မှု မရှိ သောကြောင့် စစ်တွေမြို့အနီးရှိလယ်မြေများကိုသိမ်းယူပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က တုံ့ပြန်ပြောဆိုသည်။

“မြေကွက်အသစ်ဖော်ဖို့က လယ်ယာမြေတွေကို ဥပေဒနဲ့အညီ သိမ်းပြီးမှလုပ်လို့ရမယ်။ အဲဒီလိုသိမ်းမယ် ဆိုရင်လည်း လယ်ပိုင်ရှင်တွေက သူတို့လိုချင်တဲ့ မြေယာလျော်ကြေးငွေမရရင် အော်ကြဦးမယ်။ ဒီမှာလည်း အခက်အခဲတွေရှိနေပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကဆိုသည်။

ထို့အပြင် စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်များက အိမ်ခြံမြေများကိုဝယ်ယူထားကာ အဆမတန် ဈေးကစားမှုများကြောင့် သာမန်လက်လုပ်လက်စားများအတွက် အိမ်တစ်လုံးပိုင်ဆိုင်ရန်မလွယ်ကူကြောင်း စစ်တွေမြို့မှဒေသခံ ကိုအောင်ကြည်မိုးက DMG သို့ပြောသည်။

“မြေကွက်တွေ မဝယ်နိုင်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်စုက မြေကွက်တွေကို လက်ဝါးကြီးအုပ်ထားတယ်။ အဲဒီလူတွေက မရောင်းရင် ဘာမှမဖြစ်ဘူး၊ ရောင်းရင်ဈေးတင်ပြီးတော့ ရောင်းကြတယ်” ဟု ၄င်းက ရှင်းပြသည်။

စစ်တွေမြို့ရှိ မိဇံရပ်ကွက်မြစ်ကမ်းဘေးတွင် ပြည်နယ်အစိုးရနှင့် BXT International ကုမ္ပဏီတို့ပူးပေါင်းကာ မြေဖို့မြေယာစီမံကိန်းတစ်ခုကို ဖော်ဆောင်ထားသည်။

Author: Admin