(ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိရှိလာပြီး  မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တစ်ချို့သည် ရေဘေးဒဏ်ကိုလည်း ခံစားနေကြရသည်။)
(ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိရှိလာပြီး မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တစ်ချို့သည် ရေဘေးဒဏ်ကိုလည်း ခံစားနေကြရသည်။)

အောင်ထိန် | DMG

ဇူလိုင် ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် ယခုလအတွင်းတွင် ရေဘေးဒဏ်ကိုလည်း ခံစားနေကြရသည်။

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင် လေးမြို့မြစ်အနီးတွင်ရှိသည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို ရေလွှမ်းမိုးမှုရှိနေသောကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်နေကြသည်။ ယင်းစခန်းတွင် တဲအိမ်ပေါင်း (၄၀၀)ကျော်ခန့်ရှိပြီး ရေဘေးဒဏ်က လွတ်မြောက်ရန် ယင်းတဲအိမ်များကို ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် လိုအပ်နေသည်။

လက်ရှိတွင် တဲအိမ်ပေါင်း ၄၀၀ ကျော်အနက် ၁၀၀ ခန့်ကိုသာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်သေးပြီး တခြားတဲအိမ်များကို အလှူရှင်များမရှိသေးအတွက် မပြောင်းရွှေ့နိုင်သေးကြောင်း ကူညီသူများက ဆိုကြသည်။

“ဘယ်အချိန်မှာ ပြောင်းရွှေ့နိုင်မလဲ ခန့်မှန်းလို့မရဘူး။ အလှူရှင်တွေ မရှိသရွေ့တော့ ဒီအတိုင်း နေရမယ့်သဘောပဲ” ဟု ယင်းစခန်းတွင် ကူညီပေးနေသူ ကိုခိုင်မင်းသျှင်က ပြောသည်။

အလားတူ မြောက်ဦးမြို့နယ် မြတန်ဆောင်းစစ်ရှောင်စခန်းကိုလည်း ရေလွှမ်းမိုးမှုရှိနေသည်။ တဲအိမ်ပေါင်း (၁၀၀)ခန့်ရှိသည့်အနက် (၇၀)ကျော်ကို ရေလွှမ်းလျှက်ရှိသည်။

“စခန်းကတော့ ရေလွှမ်းဒဏ်ခံနေရတယ်။ အိမ်ခန်းတွေကိုတော့ ရေမပြည့်သေးဘူး။ အိမ်ခန်းတွေ ရေမြုပ်ဖို့အတွက် ၆ လက်မပဲလိုတော့တယ်။ သူတို့ကနေ့လယ်ဆိုရင် အဆင်ပြေသလိုနေကြတယ်။ ညဆိုတော့ ဘုန်းကြီးကျောင်းထဲ ဝင်အိပ်ကြတယ်။ အခြေအနေကိုတော့ စောင့်ကြည့်နေတယ်။ ဒီထက်ဆိုးဆိုးရွားရွား ဖြစ်လာ ရင်တော့ အခက်အခဲဖြစ်နိုင်တယ်” ဟု  မြတန်ဆောင်းဆရာတော်က ယမန်နေ့က မိန့်ကြားသည်။

အဆိုပါ စစ်ဘေးရှောင်များ ရေဘေးဒဏ်က လွတ်မြောက်ရန်အတွက် ကုန်းမြင့်ပေါ်တွင် တဲအိမ်များဆောက်လုပ်ရန် လိုအပ်နေသည်။ သို့သော် တဲအိမ်များဆောက်လုပ်ရန်  ငွေကြေးအခက်အခဲများဖြစ်ပေါ်နေပြီး အလှူရှင်များ အမြန်လိုအပ်နေသည်ဟုလည်း ဆရာတော်က ထပ်မံမိန့်ကြားသည်။ 

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်း မိုးအဆက်အပြတ်ရွာသွန်းနေမှုကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာတစ်ချို့တို့ကို ရေလွှမ်းမိုးရှိနေပြီး စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြသည်။

Author: Admin