စိုးအောင် | DMG
ဇူလိုင် ၁၀၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးဒုက္ခသည် ၇၀၀ ခန့်မှာ ကျန်းမာရေးပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်သည်။
အဆိုပါ စစ်ဘေးဒုက္ခသည်များမှာ ချောင်းဆိုးခြင်း၊ ဝမ်းလျောခြင်းများအပြင် အရေပြားရောဂါများကိုပါ ခံစားနေရကြောင်း REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“အများစုကတော့ ဖျားတယ်၊ ခြောင်းဆိုးတယ်၊ ဝမ်းလျှောတယ်၊ အရေပြားရောဂါတွေ ဖြစ်နေကြတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံဟာ ဆယ်နှစ်အောက် ကလေးတွေဖြစ်တယ်။ ကျန်းမာရေးကတော့ မလုံခြုံတဲ့ အခြေအနေပေါ်မှာရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
ယင်းအပြင် စစ်ဘေးရှောင်စခန်းများ၌ ညအချိန် အရေးပေါ်ကျန်းမာရေး အခြေအနေများရှိလာပါက လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေများကြောင့် နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ အချိန်မီမရောက်ရှိသောကြောင့် သေဆုံးခဲ့ရသူများလည်းရှိသည်ဟု ဆိုသည်။
“စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မူတွေ မရှိကြတော့ဘူး။ အဲဒီတော့ နေမကောင်းဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသွားရတယ်။ ဆေးရုံ၊ဆေးခန်းတွေမှာ ပြဖို့အတွက် ပိုက်ဆံအခက်အခဲတွေ၊ ကုန်ကျစရိတ်တွေရှိနေတယ်။ သူတို့တွေက အလကားကုပေးတာက ဟုတ်တာပေါ့။ တစ်ချို့ဆိုရင် ညဖက်တွေမှာ နေမကောင်းဖြစ်တယ်။ လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေ အခက်အခဲအမျိုးမျိုးတွေကြောင့် ဆေးရုံသို့ မသွားလိုက်ရဘဲ သေသွားတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် ကျန်းမာရေးပိုင်းကတော့ တော်တော်လည်းဆိုးရွားတဲ့ အခြေအနေမှာရှိနေတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ (၅၁၉၆၂) ဦးရှိနေပြီဖြစ်သည်။ ယင်းအထဲတွင် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေကြသည့် ဒုက္ခသည်အရေအတွက် (၂၂၂၃၂) ဦးရှိပြီး စခန်းသို့မရောက်ရှိဘဲ ပြင်ပတွင်နေထိုင်သူ (၂၉၇၃၀) ဦးရှိသည်။




