တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ညီညီအောင်

ဝင်းညွန့် / DMG

သြဂုတ်လ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းတွင် တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်စခန်း ၈ ခုတွင် စစ်ရှောင်ဦးရေ ၅၀၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် လက်ရှိအချိန်ထိ တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“လောလောဆယ် စခန်း ၈ ခုရှိတယ်။ အဲဒီစခန်း ၈ ခုမှာ စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်ရှိတယ်။ ကျန် ၂၀၀၀ ကျော်တော့ မိသားစုအိမ်တွေမှာနေကြတယ်။ လက်ရှိမှာ တိုက်ပွဲဖြစ်လား၊ မဖြစ်ဘူးလားတော့မသိဘူး။ လောလောဆယ်မှာတော့ မင်းပြားတပ်က လက်နက်ကြီးပစ်နေတာ ၁၀ ကျော်ရှိနေပြီ” ဟု ဦးလှသိန်းအောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် မင်းပြားမြို့နယ်အတွင်းမှ ကုလားမတောင်၊ တန်ဆိပ်၊ တောတန်း၊ တံခွန်တိုင်၊ ဒုံးကြီး၊ ငန်းတက်၊ ကျောက်မော်၊ ဇုံသာ၊ တောင်ပုတ်ကေ၊ သလူချောင်း၊ စိုင်းဒရား၊ လက်ခုတ်၊ ငတာ စသည့်ကျေးရွာများမှ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးလာသူများမှာ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

“အခက်ခဲကတော့ စခန်းတိုင်းမှာရှိတယ်။ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး၊ စားရေးသောက်ရေးကအစ အခက်အခဲတွေရှိတယ်။ ကျန်းမာရေးအရဆိုရင် ဆေးဝါးတွေလိုအပ်တယ်၊ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးအတွက်ဆိုရင် အိမ်သာတွေလည်း အရေးကြီးပါတယ်” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များမှာ အမ်းသား၊ သေကန်၊ ဇီဝ၊ နရန်း၊ ပန်းဇင်းကိုင်း၊ ဦးစိုးတင့်၊ ပညာရာမ၊ ရတနာမွန် စသော စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိကြသည်။

“မိုးရာသီဆိုတော့ ကျွန်တော်တို့ကျွေးရတာတွေက သူတို့အိပ်တဲ့နေရာမှာဘဲ ကျွေးရတယ်။ ဆိုတော့ ထမင်းစားဆောင် နှစ်ဆောင်ဆောက်ထားတယ်။ စစ်ဘေးရှောင်တွေထဲမှာ ပါလာတဲ့ ကျောင်းသူ၊ကျောင်းသား တွေကိုတော့ ကျွန်တော်တို့သေကန်ကျောင်းမှာဘဲ ပညာသင်ပေးထားပါတယ်” ဟု သေကန် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဟန်က ပြောသည်။

မင်းပြားမြို့နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်နေရာသို့ တပ်မတော်မှ လက်နက်ကြီးပစ်ကူပေးမှုများလည်း ရှိကြောင်း မင်းပြားဒေသခံများကပြောသည်။

Author: Admin