
ဝင်းညွှန့််/DMG
ဇွန်လ ၂၅၊စစ်တွေ
ရခိုင်နှင့်ချင်းပြည်နယ်များတွင် သန်းခေါင်စာရင်းအရ နေထိုင်သူ လူဦးရေ တစ်သန်းကျော်သည် အင်တာနက် ဆက်သွယ်ပြတ်တောက်မှုကို ကြုံတွေ့လျက်ရှိပြီး အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှုနှင့်အင်တာနက် အမြန်နှုန်းလျှော့ချမှုများကို ချက်ခြင်းရပ်တန့်ရန် ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဇွန်လ ၂၄ ရက်နေ့က တောင်းဆိုလိုက်ကြသည်။
အဆိုပါ ဒေသသည် ပြည်တွင်း၊ပြည်ပမီဒီယာများဝင်ရောက် သတင်းရယူခွင့်နှင့်လူသားချင်း စာနာသည့် အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများ၊ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည့် ဒေသဖြစ်သည်။သို့ဖြစ်ရာ ယခု ကဲ့သို့ အင်တာနက်ဖြတ်တောက်ခြင်းသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ၎င်းတို့၏ ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက် ရယူနိုင်မှုကို ပို၍ ထိခိုက်စေသည်ဟု ထိုအဖွဲ့အစည်း များ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်မှုအပါအဝင် အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းသည် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသခံပြည်သူများအား ဆက်သွယ်နိုင်မှုနှင့် ၎င်းတို့ရှိသည့်နေရာ များကို သိနိုင်စေမှုတို့ကို ထိခိုက်စေသည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လူအများအား လုံခြုံရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် အခက်အခဲဖြစ်နိုင်သည် ကို တွေ့ရသည်ဟု ဆိုထားသည်။
အဆိုပါ ထုတ်ပြန်ကြေငြာချက်ကို အသံ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့၊ မြန်မာဒစ်ဂျစ်တယ် အခွင့်အရေးဖိုရမ် ဦးဆောင်ကျင်းပရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း စသည့် အဖွဲ့အစည်းများက ထုတ်ပြန်ကြခြင်းဖြစ်သည်။
ဇွန်လ ၂၁ ရက်နေ့၊ည ၁၀ နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို MPT၊ Mytel၊ Telenorနှင့် Ooredoo ၏ အင်တာနက်ဝန်ဆောင်မှုကို အစိုးရက ယာယီ ဖြတ်တောက်ထားသည်။
အစိုးရအနေဖြင့် ယင်းသို့ မဖြတ်တောက်မီ ပြည်သူများကို အသိပေးခဲ့ခြင်း မရှိပေ။ ထို့အပြင် MPT၊ Mytel၊ Telenorနှင့် Ooredoo တို့အနက် Telenor တစ်ခုသာ မိမိတို့ အင်တာနက် ယာယီပြတ်တောက်မည့် အကြောင်းကို အသိပေးခဲ့သည်။




