ရခိုင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုလူများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိဟု AA ထုတ်ပြန်

ရခိုင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ဇူလိုင်လ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

22 Jul 2019

SITTWE MYANMAR CITY 2030 အမည်ရှိ မြို့သစ်စီမံကိန်းပုံကြမ်း။ ဓာတ်ပုံ - စံမြတ်ရွှေ

နေရောင်မင်း | DMG

ဇူလိုင် ၂၂၊ စစ်တွေ

ရခိုင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ဇူလိုင်လ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည့် ပွင့်လင်းမြင်သာမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပြီး တရုတ်နိုင်ငံ၏ One Belt & One Road ( OBOR)  ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းနှင့် ဆက်စပ်ပတ်သက်နေသော ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများကို မိမိတို့အဖွဲ့အစည်းအနေဖြင့် အပြုသဘောဖြင့်ကြိုဆိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“အဓိကတော့ အဲဒီကုမ္ပဏီတွေ လုပ်ငန်းတွေနဲ့ပတ်သက်လို့ အများပြည်သူအကျိုးစီးပွားကို မထိခိုက်ရင် AA ဘက်က အနှောင့်အယှက်မပေးဘူးဆိုတာကို အများပြည်သူကို သိစေချင်တယ်။ ဒီလောက်ပဲ ” ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

ရခိုင်ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာကဏ္ဍရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်လိုသူများနှင့် လက်တွဲလုပ်ဆောင်သွားရန် အဆင်သင့်ရှိနေသည်ဟုလည်း AA ဘက်က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်များနှင့်နီးစပ်သည့် ပြည်နယ်မြို့တော်စစ်တွေ၏ တစ်ဖက်ကမ်း ကျေးတောရွာနှင့် ရွှေမင်းရံကျေးရွာများမှာ SITTWE MYANMAR CITY 2030 အမည်ရှိ မြို့သစ်စီမံကိန်းကို မလေးရှားအခြေစိုက်  Gold Coast KTMG Development Co.,ltd က အကောင်အထည်ဖော်ရန် အဆိုပြုထားသည်။

ယင်းစီမံကိန်းကို မြေဧက (၇၀၀၀) ကျော်တွင်  အမေရိကန် ဒေါ်လာ ၃၈ ဘီလီယံ ကုန်ကျခံပြီး တည်ဆောက်သွားမည်ဖြစ်ကာ  ပင်လယ်ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်၊ စက်မှုလက်မှုလုပ်ငန်း၊ ပန်းခြံစသော လုပ်ငန်းစဉ်များပါဝင်မည်ဟု ကုမ္ပဏီဘက်က ရှင်းပြထားသည်။

ထို့အပြင် စင်ကာပူနှင့် တရုတ်နိုင်ငံ ကုမ္ပဏီပူးပေါင်းအဖွဲ့တို့မှ ရခိုင်ပြည်နယ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးခန့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ဇူလိုင်လ ဒုတိယအပတ်က ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့ကြသည်။

ဗီဒီယိုများ