ကျော်သူဌေး | DMG
ဇန်နဝါရီ ၂၇ ၊ စစ်တွေ

အိန္ဒိယမှလှူတန်းထားသည့် ကိုဗစ်ကာကွယ်ဆေး(COVISHIELD)ကို ရခိုင်ပြည်နယ်အတွင်းမှ ကျန်းမာရေး ဝန်ထမ်းလေးထောင့်လေးရာကျော်အား ယနေ့ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ထိုးနှံနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် မြို့နယ်အသီးသီးရှိဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား အဆိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ပေးနေခြင်း ဖြစ်သည်။

စစ်တွေဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ကိုယ်တိုင် စတင်ထိုးနှံခဲ့ပြီး ယင်းဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း ၄၂၀ ကို ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့အထိနှစ်ရက်တာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးတစ်လုံးလျှင် လူ ၁၀ ဦးမျှထိုးနှံနိုင်ပြီး ကာကွယ်ဆေးထိုးပြီးသူများအား မိနစ်သုံးဆယ်ကြာ စောင့်ကြည့်ထားကာ တစ်စုံတစ်ခုဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်နိုင်အောင် ပြင်ဆင် ထားသည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

“ကာကွယ်ဆေးထိုးပြီး ဓါတ်မတည့်တာဖြစ်မှာ၊ ကာကွယ်ဆေးထိုးပြီး ဘာတွေဖြစ်မလဲစိုးရိမ်မှုတွေ ရှိပေမယ့်လည်း ဒီဆေးကအန္တရာယ်ကင်းတယ်။ ကျနော်ကိုယ်တိုင်စထိုးပြီးပြတယ်။ ကျနော်ဆေးထိုးပြီး တစ်နာရီလောက်ရှိပြီ ဘာမှမခံစားရဘူး။ ဆေးထိုးတဲ့ နာကျင်မှုအနည်းငယ်သာခံစားရတယ်။ ဘာရောဂါ လက္ခဏာမှပြတာမရှိဘူး၊ တကယ်လို့များ ဆေးကြောင့်တစ်ခုခုဖြစ်လာလို့ရှိရင် အချိန်မှီကာကွယ်ပေးနိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်” ဟု ဒေါက်တာဇော်လွင်က ဆိုသည်။

ပြည်သူများအနေဖြင့်လည်း ကြောက်လန့်မှုမရှိပဲဆေးထိုးရန် ဒေါက်တာဇော်လွင်က တိုက်တွန်းပြောဆိုသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးကို မိမိဆန္ဒအလျှောက် လာရောက်ထိုးနှံကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ကာကွယ်ဆေးထိုးနှံခဲ့သည့် စစ်တွေဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်ရီရီဖြိုးက “ပထမဆုံး ထိုးတာဆိုတော့ နည်းနည်းတော့စိုးရိမ်တယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ နောက်ထိုးမယ့်သူတွေလည်း မကြောက်ကြပါနဲ့လို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

ကာကွယ်ဆေးထိုးပြီး မည်သည့်ဆိုးကျိုးမှမဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း ကာကွယ်ဆေးကို ထိုးနှံ သင့်သည်ဟု ကာကွယ်ဆေးထိုးနှံပြီးသည့် သူနာပြုဆရာမ ဒေါ်ဆန်းဆန်းထွေးက ပြောသည်။
“ကာကွယ်ဆေးကို အခွင့်အရေးရတုန်းထိုးကြပါ။ တအားကြီးလည်း စိုးရိမ်စရာမလိုဘူး။ ကျမတို့လည်း ထိုးပြီးပါပြီ၊ ဘာမှမဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ပထမတစ်ကြိမ်ထိုးပြီးပါက လေးပတ်ခြား၍ နောက်ထပ် တစ်ကြိမ်ထိုးနှံရမည်ဖြစ်သည်။

ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှတာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ပထမဦးစားပေးထိုးနှံမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝန်းမှပြည်သူများနှင့် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များကို အသီးသီးထိုးနှံပေးသွားမည်ဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ဆေးကို ယနေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို စုရပ် အသီးသီးခွဲကာ စတင်ထိုးနှံနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁၂၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၆ ဦးနှင့် လက်ရှိဆေးကုသမှု ခံယူနေရသူ ၂၀ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စာရင်းအရသိရသည်။

Author: Admin