
နေရောင်မင်း | DMG
ဇွန် ၁၉၊ စစ်တွေ
အစိုးရနှင့် တပ်မတော်အနေဖြင့် အပြစ်မဲ့ ရခိုင်ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်နေခြင်းကို ရပ်တန့်ပေးရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်ရခိုင်လူမျိုးများနှင့် ကချင်လူမျိုး စုစုပေါင်း (၄၀) ဦးခန့်က ဇွန်လ ၁၉ ရက်နေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အစိုးရနှင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်သူများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုများရှိနေပြီး တချို့ကို စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခြင်းများ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ “တိုက်ပွဲအတုများ” ဖန်တီးကာ ကျေးရွာများကို ပစ်ခတ်မှုများရှိနေသောကြောင့် ယင်းလုပ်ရပ်များကို ရပ်တန့်ပေးရန် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဦးဆောင်ဆန္ဒပြသူ ကိုကျော်သန်းလှိုင်က ပြောသည်။
“နိုင်ငံတကာကို ရောက်နေတဲ့ ရခိုင်တွေ အသံမထွက်နိုင်ခဲ့သည်ရှိသော် သူတို့တွေဟာ ကျနော်တို့ကို မတရားနှိပ်စက်မှုတွေ ဒီထက်များလာမယ်လို့ ယူဆမိပါတယ်။ ကျနော်တို့ ခုလို လုပ်လိုက်တာကြောင့် အတိုင်းအတာတစ်ခုထိ ရပ်တန့်သွားမယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
မေလအစောပိုင်းက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လူပေါင်း (၂၀၀)ကျော်ကို တပ်မတော်ဘက်က ထိန်းသိမ်းစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် လူ (၇) ဦးခန့်သေဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့သည်။ ထိုလုပ်ရပ်ကို တပ်မတော်၏ ဥပဒေမဲ့သတ်ဖြတ်ခြင်းလုပ်ရပ်ဟု ဆန္ဒပြအဖွဲ့က ပြောသည်။

“သေသွားတဲ့သူတွေကိုတောင် မိသားစု၊ဆွေမျိုးတွေ အလောင်းတွေကို မမြင်ရ။ အလောင်းတွေကို မပြဘဲ သင်္ဂြိုဟ်လိုက်တာတွေ ရှိပါတယ်။ အလောင်းကို သင်္ဂြိုဟ်လိုက်ကတည်းက ကျနော်တို့ ဗုဒ္ဓဘာသာဝင်မှာ သေသွားတဲ့သူကို သရဏာဂုံတင်ရမယ်။ မိသားစုဆွေမျိုးတွေနဲ့ တွေ့ခွင့်ပေးရမယ်။ အဲဒါတွေကို မလုပ်ဘူးဆိုကတည်းက ဘယ်လိုပုံစံမျိုး သတ်ဖြတ်လိုက်တယ်ဆိုတာကို တခြားသူတွေကို မသိစေချင်တဲ့သဘောပေါ့” ဟု ကိုကျော်သန်းလှိုင်က ဆိုသည်။
ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ ရခိုင်ပြည်သူများ ဖမ်းဆီးခံနေရမှုများနှင့် အသတ်ခံနေရမှုများကိုလည်း နိုင်ငံတကာကသိစေရန် ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်သည်ဟု ဆန္ဒပြသူများက ဆိုကြသည်။ ယခုကဲ့သို့ ဆန္ဒပြ၍ ထူးခြားမလာပါက ဂျပန်နိုင်ငံတွင် သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်းနှင့် ကုလသမဂ္ဂကို စာရေးသားတိုင်ကြားမည်ဟုလည်း ၎င်းတို့က ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒီ အခြေအနေကို ဟုတ်မဟုတ် ခင်ဗျားတို့ ပိုသိမှာပေါ့။ ကျနော်တို့ကလည်း ခဏခဏပြောနေတာပဲလေ။ ကျနော်တို့က ဒေသခံတွေ အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ ကျနော်တို့ အဖွဲ့အစည်းတွေက လုပ်နေတာလေ။ ကျနော်တို့က ဒေသကို ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးအောင်၊ ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်တာ ရှိမှမရှိပဲ။ အဲဒါကြောင့် ဒီဟာကို ခင်ဗျား မေးစရာလိုတောင်မလိုဘူး” ဟု ဆိုသည်။




