- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
တိုက်ပွဲကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် ဇူလိုင်လအတွင်း အရပ်သား ၇ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် အရပ်သားထိခိုက်သေဆုံးမှုများမှာ DMG က ကောက်ယူထားသည့်စာရင်း အရ ဇူလိုင်လအတွင်းတွင် အရပ်သား (၇)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁၇)ဦးရှိသည်။
01 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် အရပ်သားထိခိုက်သေဆုံးမှုများမှာ DMG က ကောက်ယူထားသည့်စာရင်း အရ ဇူလိုင်လအတွင်းတွင် အရပ်သား (၇)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁၇)ဦးရှိသည်။
သေဆုံးသူများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦး၊ ရသေ့တောင် မြို့နယ်မှ တစ်ဦး၊ ရမ်းဗြဲမြို့နယ်မှ တစ်ဦး၊ အမ်းမြို့နယ်မှ နှစ်ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြသည်။
ထို့ပြင် တိုက်ပွဲကြောင့်လက်နက်ကြီးကျည်ထိမှန်ခြင်း၊ သေနတ်ကျည်ထိမှန်ခြင်းနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ဒဏ်ရာသူတို့မှာ ရသေ့တောင်မြို့နယ်တွင် ခုနှစ်ဦး၊ အမ်းမြို့နယ်တွင် ငါးဦး၊ ကျောက်တော်မြို့နယ်တွင် တစ်ဦး၊ မြောက်ဦးမြို့နယ်တွင် တစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ဦးနှင့် မင်းပြားမြို့နယ်တွင် နှစ်ဦးတို့ဖြစ်ကြသည်။
ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် လတ်တလော စစ်ရေးတင်းမာမှုများရှိနေသည့် ရသေ့တောင်မြို့နယ်မှ အများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။
ယင်းထဲမှ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ အသက် (၆၆)နှစ်အရွယ် ဦးမောင်ကျော်သန်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ရွာ၏မြောက်ဘက် နွားစားကျက်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့သဖြင့် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။
နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားလာသည့်အတွက် ငြိမ်းချမ်းရေး အမြန်ဆုံး ရစေချင်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။
မိုင်းနင်းမိ၍သေဆုံးသွားခဲ့သူ ဦးကျော်သန်း၏ မြေးဖြစ်သူ မမေဦးခင်က “အရင်က သေဆုံးတာတွေကို တီဗွီတွေ ထဲမှာပဲမြင်ဖူးတယ်။ အခုကိုယ့် ဆွေမျိုးတစ်ယောက်လုံး ကိုယ့်မျက်စိရှေ့မှာ သေဆုံးသွားတာကို မြင်ခဲ့ရတော့ အရမ်းထိတ်လန့် ကြောက်မိတယ်။ တခြားလူတွေကိုလည်း သူ့လိုအဖြစ်မျိုး မဖြစ်စေချင်ဘူး။ ကိုယ့်အိမ် ကိုယ့်ယာ မှာပဲ အေးအေးချမ်းချမ်းနေချင်ပြီ ” ဟု ပြောသည်။
ယင်းသို့အရပ်သားများ ထိခိုက်မှုများအပေါ် အစိုးရက တာဝန်ယူပေးရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ထောက်ပြသည်။
“အစိုးရအပိုင်းဖြစ်တဲ့ ရဲတို့၊ တပ်တို့က ပြည်သူတွေကို စောင့်ရှောက်ရမယ့်တာဝန်ရှိသလို ဥပဒေကို စောင့်ထိန်း ရမယ့်တာဝန်လည်း အပြည့်ရှိတယ်။ အစိုးရကလည်း ဒါတွေအားလုံးကို စောင့်ကြည့်ပြီးတော့ ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူပေးမှသာ ထိခိုက်မှုတွေလျော့နည်းသွားမယ် ”ဟု ဦးခင်မောင်လတ်က ပြောသည်။
DMG မှကောက်ယူထားသည့်စာရင်းအရ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တိုက်ပွဲကြောင့် အရပ်သား သေဆုံးသူ (၁၁)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။