ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၈ ၊ စစ်တွေ

(၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လိုင်မှ ရခိုင်တိုင်းရင်းသားများအားပေးပို့ခဲ့သည့် သဝဏ်လွှာတွင် မျိုးနွယ်စုများအားဖော်ပြရာ၌ ကမန်တိုင်းရင်းသားများ ကို ချန်လှန်ထားခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများက ဝေဖန်ကြသည်။

“ကာချုပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ  လုပ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်မျိုးနွယ်စုမှာ ကမန်ကပါတယ်။  အဲဒါက ကျနော်တို့ရဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို၊ ရခိုင်တစ်မျိုးသားလုံးကို သွေးခွဲတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ဒါရိုက်တာ ကိုသန်းလှ (ခ) ကိုမင်းဘာချေက ပြောသည်။

ယင်းအပြင် ခမီနှင့်မြိုကို ပေါင်းထည့်ထားပြီး ကမန်လူမျိုးကျ မပါဝင်ခြင်းမှာ သာမန်မှားသွားသည့် ပုံစံမျိုးမဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကမန်တွေမပါတာ၊ ခမီနဲ့မြိုကို ပေါင်းထည့်ထားတာ၊ အဲဒါတွေက သာမန်မှားသွားတာတော့ မဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲလို့ ထင်တယ်။ ကမန်တွေကိုတော့ မျိုးနွယ်စုအဖြစ်နဲ့ မဆလ ခေတ်မှာ ထည့်ထားတာပေါ့၊ ဆိုတော့ အဲဒါကို သူတို့အသိအမှတ်မပြုတဲ့ သဘောလား၊ အဲဒီလိုပဲ စဉ်းစားမိပါတယ်” ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီနှင့် မရမာကြီးတို့ နေထိုင်ကြပြီး၊ တိုင်းရင်းသားအားလုံးသည် လူမျိုးဓလေ့အရ အသွေးအရောင်တို့ အနည်းငယ် ကွဲပြားကြသော်လည်း အားလုံးသည် ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်များ ဖြစ်ကြပါသည်ဟု ရေးသားထားခြင်းဖြစ်သည်။

“မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းကမဆို ထုတ်ပြန်တဲ့ဟာဖြစ်ဖြစ်၊ ရေးသားတာ၊ ပြောဆိုတာဖြစ်ဖြစ်၊ ကျန်လွတ်နေတာမျိုး ချန်လှန်ထားခဲ့တာမျိုး မရှိဘဲနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ ဒီမိုကရေ စီနိုင်ငံကြီးမှာ ခွဲခြားဆက်ဆံပြီးတော့ မတူကွဲပြားမှုတွေကို အားပေးတဲ့ အနေအထာမျိုးမဖြစ်စေဖို့ လိုပါတယ် ” ဟု ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဒု-ဥက္ကဌ  ဦးမင်းနိုင်က ပြောသည်။

ကာချုပ်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ကမန်တိုင်းရင်းသား မပါဝင်ခြင်းမှာ သဝဏ်လွှာကိုရေးသူနှင့် စိစစ်သူအားနည်းခြင်းကြောင့်ဖြစ်ပြီး ခေတ်လေးခေတ်မှာလည်း သုံးခေတ်ပဲပါဝင်သည့်အတွက် လွဲသွားခြင်းမျိုးဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဂုဏ်ပြုသဝဏ်လွှာတွင် အမှားပါဝင်နေခြင်းကို ပြန်လည်ပြင်ဆင်ချက် ထုတ်ပြန်သင့်သည့်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက ထောက်ပြသည်။

အဆိုပါ သဝဏ်လွှာ ပထမအကြိမ် ထုတ်ပြန်ချက်တွင် အာဇာနည် အရှင်သူမြတ် ဦးဥတ္တမသာရဟု မှားယွင်းစွာဖော်ပြခဲ့သောကြောင့် ဦးဥတ္တမဟု ထည့်သွင်းပြင်ဆင်ထားသည့် ဒုတိယအကြိမ် သဝဏ်လွှာကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖော်ပြခဲ့သည်။

Author: ခင်သရဖီဦး