ဓာတ်ပုံ - ကံပြင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား စေတီတောင်စစ်ဘေးရှောင်စခန်းတွင် ဧပြီလအတွင်းက တွေ့ရစဉ်။
ကံပြင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား စေတီတောင်စစ်ဘေးရှောင်စခန်းတွင် ဧပြီလအတွင်းက တွေ့ရစဉ်။

ခိုင်ရိုးလ | DMG

ဇူလိုင် ၁၀၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသား ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစုထားသဖြင့် အပြင်သို့မထွက်ရသည့်အတွက် ရွာသားများ စားနပ်ရိက္ခာပြတ်လပ်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းသို့ခေါ်ယူစုထားခြင်းခံရသည်မှာ ဇူလိုင်လ ၂ ရက်နေ့မှ ယနေ့ ဇူလိုင် ၁၀ ရက်နေ့ အထိ ၉ ရက်မြောက်ရှိလာပြီး ထိုသူတို့မှာ ရွာအပြင်သို့မထွက်ရ၊ အလုပ်မလုပ်ရသည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကံပြင်ကျေးရွာသား တစ်ဦးကပြောသည်။

“သူတို့မှာ ဒီနေ့နံနက်ထမင်းကိုတောင် အဆင်မပြေစားရတယ်။ လူတစ်ယောက် နို့ဆီဗူးတစ်ဗူးစားမယ့်ဟာကို ဗူးထက်ဝက်ပဲစားနေရတယ်။ ဒီနေ့ညနေအတွက် စားနပ်ရိက္ခာတွေ ဆန်တွေမရှိတော့ဘူး” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ကံပြင်ရွာသားများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ပြီး နယ်မြေမလုံခြံသည့်အတွက် ဘူးသီးတောင်မြိုနယ် စေတီတောင်၊ ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်စသည့် စစ်ဘေးရှောင်စခခန်းများတွင် လာရောက်ခိုလှုံနေကြသူများဖြစ်ပြီး လက်ရှိတွင် ရွာသားတစ်ချို့မှာ ယင်းကျေးရွာသို့ လယ်လုပ်ရန်သွားရောက်နေကြရာ တပ်မတော်က ခေါ်ယူစုထားခြင်းကို ခံနေရခြင်းလည်းဖြစ်သည်။

“ သူတို့ဟာ စစ်ဘေးရှောင်စခန်းကနေ ရွာကို လယ်လုပ်မယ်ဆိုပြီးတော့ သွားကြတာ။ အဲဒါကြောင့် ရိက္ခဆန်တွေ အများကြီးယူမသွားနိုင်ကြဘူးလေ။ အဲဒီမှာ စုထားတာ ၉ ရက်တောင်ရှိနေပြီဆိုတော့ ယူလာတဲ့ ဆန်အနည်းငယ်ဟာ ကုန်သွားပြီလေ။ အခု ရိက္ခာသွားရှာမယ်ဆိုလည်း တပ်မတော်က ခွင့်မပြုဘူး။ ဒါကြောင့် ရိက္ခာတွေပြတ်နေတာ ” ဟု ယင်းရွာသားကပြောသည်။

ကံပြင်ကျေးရွာသို့ရောက်နေသည့် တပ်မတော် တပ်မ ၂၂ မှ အင်အား ၁၀၀ ကျော်မှာ ရွာဘုန်းတော်ကြီးကျောင်းအနားမှ တောင်ကုန်းပေါ်တွင် ယာယီစခန်းချနေထိုင်ကာ ရွာသားများကို ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစုထားခြင်းဖြစ်သည်။

ကံပြင်ကျေးရွာသားများကို တပ်မတော်သားများမှ ခေါ်ယူစုထားခြင်းမှာ ရွာသားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်မှုများမရှိသေးသော်လည်း စိတ်ပိုင်းဆိုင်ရာများ ခံစားနေရသည့်အတွက် ယင်းသို့မလုပ်သင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှ့တ်တ်ာကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကပြောသည်။

“တပ်မတော်အနေနဲ့ ပြည်သူကို ကာကွယ်ပေးဖို့လိုတယ်။ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မညှင်းပန်းဖို့ အရေးကြီးတယ်။ ဒါကြောင့် ပြည်သူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးရမယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ယခုလို ရွာသားများအားခေါ်ယူစုထားမှုနှင့် ရွာအပြင်ထွက်ခွင့်မပြုခြင်းအကြောင်းနှင့် ပတ်သက်ပတ်ပြီး တပ်မတော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် မအားသေးဟုပြောကာ ဖုန်းချသွားသဖြင့် ယင်းကိစ္စကို သီးခြားအတည်မပြုနိုင်ပေ။

လက်ရှိ ခေါ်ယူခံထားရသူ ၃၂ ဦးတွင် ယောက်ျား ၁၆ ဦးနှင့် မိန်းမနှင့်ကလေး ၁၆ ဦးပါဝင်ပြီး ယောက်ျားများမှာ တပ်မတော်သားများနှင့် အတူနေရပြီး ကျွဲနွားထိန်းကျောင်းရန် ရွာပြင်သို့ထွက်လိုလျှင် တပ်မတော်မှ နာရီပိုင်းအလိုက် လူ ၅ ဦးစီကိုသာ ကန့်သတ်ခွင့်ပြုကာ အမျိုးသမီးများကိုလည်း ရံဖန်ရံခါ ခေါ်စုထားတတ်ကြောင်းလည်း ရွာသားများက ပြောသည်။

ကံပြင်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်နှင့် လူဦးရေ ၄၀၀ ခန့်ရှိကြောင်းသိရသည်။

 

Author: Admin