ခွေးသေစစ်ဘေးရှောင်စခန်းကိုတွေ့ရစဉ် (ဓာတ်ပုံ-REC)

မင်းထွန်း | DMG

ဖေဖော်ဝါရီ ၂၂၊စစ်တွေ

ရခိုင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေလည်း များပြားလာပြီး စစ်ဘေးရှောင်များနေထိုင်ရန်အတွက် တဲအိမ်များ အရေးပေါ်လိုအပ်နေကာ ယခင်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်းတချို့ရှိ တဲအိမ်များမှာလည်း ပျက်စီးယိုးယွင်းသွားပြီဖြစ်သဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကပင် ဆောက်လုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာ စစ်ဘေးရှောင်စခန်းရှိ နေအိမ်များမှာ လက်ရှိတွင် ဆွေးမြေ့နေပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲဖြစ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောသည်။

“ ပြီးခဲ့တဲ့နှစ်က ဝါးနဲ့ဆောက်တဲ့ အိမ်တွေဆိုရင် ဓနိတွေက ကြွေကုန်ပြီ၊ ဝါးတွေက ဆွေးကုန်ပြီ။ ဆိုတော့ ဝါး၊ဓနိ၊ အမိုးအကာတွေလိုအပ်နေတယ်” ဟု ၄င်းကဆိုသည်။

ဖားကြွယ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၃၁၀) ခန့်ရှိပြီး စားနပ်ရိက္ခာများ ဖူလုံမှုမရှိသောကြောင့် စားနပ် ရိက္ခာများလည်း လိုအပ်နေကြောင်းလည်းစခန်း တာဝန်ခံ ဦးသန်းမြင့်ကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ဦးရေ (၃၀၀) ကျော်ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ် ခွေးသေစစ်ဘေးရှောင်စခန်းတွင် တဲအိမ်များကို ကောက်ရိုးများဖြင့် အမိုးအကာပြုလုပ်ပြီး ဆောက်ထားသဖြင့် နေထိုင်ရေး အခက်အခဲရှိသောကြောင့် ကြံ့ခိုင်သည့် ယာယီတဲအိမ်များ ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးထွန်းစိန်မောင်က ပြောသည်။

“ ကျနော်တို့ ဒီကောက်ရိုးတွေကို အမိုးအကာလုပ်ပြီးနေတော့ ကလေးတွေက ကျန်းမာရေးပိုင်းနဲ့ပတ်သတ်ပြီး ဖျားနာတာာတွေ ရှိတယ်။ နေထိုင်တာတွေက မသန့်ရှင်းတော့ ကလေးတွေက ဖျားတာ၊နာတာတွေ အဲဒီကိစ္စတွေက ဖြစ်လာတယ်” ဟု၎င်းကပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များနေထိုင်ရန်အခက်အခဲဖြစ်နေခြင်းမှာ ငွေကြေးအခက်အခဲရှိနေခြင်းကြောင့်ဟု စစ်ဘေးရှောင်စာရင်းများကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။

“သူတို့မှာက ပိုက်ဆံအကူအညီတွေမှ မရကြတာ။ ဘယ်ပိုက်ဆံနဲ့ ဆောက်ကြမှာလဲ။ ဥပမာ -သစ်လိုတယ်၊ ဝါး လိုတယ်၊ဓနိလိုတယ်။ အဲဒီဟာတွေကို ဝယ်ဖို့လုပ်ဖို့ဆိုတာက စစ်ဘေးရှောင်စခန်းမှာရှိတဲ့လူတွေက ငွေကြေး တတ်နိုင်တာမှမဟုတ်တာ။ သူတို့တောင်မှ အနိုင်နိုင် စားသောက်ပြီးနေကြရတယ်။ အဲဒါကို အစိုးရ ဖြစ်ဖြစ်၊NGO ဖြစ်ဖြစ် တခုခုတော့ ထောက်ပံ့ပေးမှသာ အဆင်ပြေမယ့် အနေအထားမှာရှိပါတယ်” ဟု ဦး၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြားစစ်ဘေးရှောင်စခန်းများတွင်လည်း နေထိုင်ရေးအခက်အခဲများဖြစ်နေပေါ်အပြင် စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးစသည့်အခက်အခဲများဖြစ်နေကြကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုမှာ တစ်နှစ်ကျော်အထိ ရှိလာနေပြိဖြစ်ပြီး စစ်ဘေးဒုက္ခသည်ဦးရေ ( ၁၁၀၀၀၀) ကျော်အထိရှိလာနေပြီဖြစ်သည်။

Author: Admin