ကျော်သူဌေး | DMG
နိုဝင်ဘာ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းတင်းကြပ်မှုများကို ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီးနောက် အထက်ပါ အတိုင်းဆုံးဖြတ်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“၈ လပိုင်းလောက်ကတည်းက တွေ့လာခဲ့တာ အခုထက်ထိ ရောဂါက မကျနိုင်သေးဘူး။ အခုမှ နည်းနည်းလေး ကျလာတုန်းပဲရှိသေးတယ်။ လူစု၊လူဝေးတွေ လုပ်လာကြပြီ။ ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ကျနော်တို့က ပြန်ပြီး စည်းကမ်းတင်းကြပ်တဲ့အပိုင်းတွေ လုပ်ဆောင်သွားမယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောရိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က Covid-19 ပိုးတွေ့လူနာတစ်ဦး သေဆုံးသွားသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သေဆုံးသွားသူမှာ အသက် (၆၂)နှစ်အရွယ်ရှိ မောင်တောရပ်ကွက် (၅)တွင်နေထိုင်သူ မွတ်ဆလင်အမျိုးသား တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆီးချို၊သွေးတိုးနှင့် အသဲခြောက်သည့် ရောဂါအခံရှိသဖြင့် ဆေးရုံသို့ လာပြရာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောသည်။

“သူက နိုဝင်ဘာလ ၉ ရက်နေ့က ဆေးရုံကိုရောက်လာတယ်။ အစကတည်းက သူ့မှာ ဆီးချို၊ သွေးတိုးနဲ့ အသဲခြောက်တဲ့ ရောဂါအခံရှိတယ်။ မနေ့က ၁၂ နာရီမှာဆုံးသွားပါတယ်” ဟု ဒေါက်တာနုကေသီစံက ပြောသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၃ ရက်နေ့ကလည်း အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ Covid-19 ပိုးတွေ့ရှိပြီးနောက် သေဆုံးသွားပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာသေဆုံးသူ ၂ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် Covid-19 ပိုးတွေ့လူနာသေဆုံးသူမှာ စစ်တွေပြည်သူ့ဆေးရုံတွင်  ၆ ဦး၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံတွင် ၂ ဦး၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် ၂ ဦး၊ ဘူးသီးတောင်မြို့နယ်  ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးပြည်သူ့ဆေးရုံတွင် ၂ ဦး၊ ကျောက်တော်မြို့နယ်ဆေးရုံတွင် ၇ ဦး၊ ပေါက်တော မြို့နယ်ဆေးရုံတွင် ၃ ဦးနှင့် မင်းပြားမြို့နယ်ဆေးရုံတွင် ၁ ဦး စုစုပေါင်း ၂၄ ဦးအထိ ရှိလာနေသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စည်းကမ်းတင်းကြပ်မှုများလုပ်ဆောင်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “အခု ပြန်ပြီးတော့ စည်းကမ်းတင်းကြပ်တဲ့အပိုင်းတွေ လုပ်မယ်။ အိမ်အပြင် Mask မတတ်ဘဲ ထွက်လို့ရှိရင် ဖမ်းတာတို့၊ အပြင်ထွက်ခွင့်မပါရင် ဖမ်းတာတို့ အဲလိုမျိုးတွေလုပ်မယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာဦးရေမှာလည်း ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့  ညနေပိုင်း စာရင်းအရ ပိုးတွေ့ရှိသူ ၃၁၇၇ ဦးရှိပြီး ၂၉၁၄ ဦးမှာ ရောဂါကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြပြီး ၂၆၃ ဦးမှာ မြို့နယ်အသီးသီးမှ ဆေးရုံများတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အောက်တိုဘာလအတွင်းက ကိုဗစ်ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် အိမ်အပြင်ထွက်ခွင့် ကတ်ပြားများဖြင့် သွားလာခွင့်ပြုကြောင်းနှင့် ကတ်ပြားမပါရှိသူများတွေ့ရှိပါက ဖမ်းဆီးပြီးနောက် ဒဏ်ငွေတစ်သောင်းကျပ် ပေးဆောင်စေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

Author: Admin