မြောက်ဦးတွင် ဖမ်းဆီးစစ်ဆေးခံရစဉ်သေဆုံးသွားသူမှာ သေနတ်လုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခြင်းဟု တပ်မတော် ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ တပ်မတော်ထံဖမ်းဆီးခံရပြီး သေဆုံသွားသူ(သုံးဘီးဆိုင်ကယ် မောင်းနှင်သူ) ဦးအေးကျော်သည် သေနတ်ကိုလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ခြင်းဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

By မျိုးသီရိကျော် 29 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၂၉ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ တပ်မတော်ထံဖမ်းဆီးခံရပြီး သေဆုံသွားသူ(သုံးဘီးဆိုင်ကယ် မောင်းနှင်သူ) ဦးအေးကျော်သည် သေနတ်ကိုလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ခြင်းဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးအေးကျော်သည် စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်က ၎င်း၏သုံးဘီးဆိုင်ကယ်ဖြင့် နာမကျန်း ဖြစ်နေသည့် အသက် ၈၀ ကျော် အဖွားအိုတစ်ဦးဆေးကုသရန် နထင်ကျေးရွာသို့လိုက်ပါပို့ဆောင်စဉ် စစ်ဆေးခံရပြီး တပ်ရင်း (၃၇၇)တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၎င်း၏လက်ကိုင်ဖုန်းအတွင်းမှ AA နှင့် ဆက်သွယ်ထားသည့် အချက်အလက်များအားတွေ့ရှိသဖြင့် ထိန်းသိမ်း ခဲ့ကာ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ယင်းသို့စစ်ဆေးဆောင်ရွက်နေစဉ် စက်တင်ဘာ ၂၈ ရက်တွင် ဦးအေးကျော်အား နံနက်စာကျွေးရန် လုပ်ဆောင်စဉ် စစ်ကြောင်းအဖွဲ့ဝင်၏ ပစ္စတိုသေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သေဆုံးသွားသူ ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုက “ဖမ်းသွားတဲ့နေ့က အဲ့ဒီတပ်ကိုသွားမေးတော့ မဖမ်းထားဘူးတဲ့၊ မနေ့ကကျတော့ ဒဏ်ရာတွေနဲ့ အလောင်းလာပို့တယ်။ အခုလည်းကိုယ့်ကိုကိုယ် အဆုံး စီရင်တယ်လို့ပြောပြန်ပြီး။ ကိုယ့်အသက်ကိုကိုယ် ဘယ်သူကမှ အဆုံးမစီရင်ပါဘူး။ ဦးခေါင်းမှာ ဒဏ်ရာတွေ အများကြီးကွဲပြိုလို့ မနေ့ကဆိုရင် ခေါင်းကသွေးတောင်ထွက်နေတာ” ဟု ပြောသည်။

တပ်မတော်၏ထုတ်ပြန်ချက်အရ သေဆုံးသွားသူ ဦးအေးကျော် AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးမြို့အတွင်း မြောက်ဦးတပ်နယ်မှစစ်သည် ၁ ဦး ဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကလည်း တပ်နယ်မိသားစုမှ အရပ်သားလူငယ် ၂ ဦး ဖမ်းဆီး ခြင်းကိုလည်း ဦးအေးကျော်မှ ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်းဝန်ခံခဲ့သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်မေးမြန်းမှုအား ဥပဒေအရကန့်သတ်ထားသဖြင့် တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ၏ တုန့်ပြန်ချက်ကိုရရှိရန် အခက်အခဲရှိသည်။

တပ်မတော်မှ ထိုသို့ထုတ်ပြန်ထားသော်လည်း ဦးအေးကျော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ရာများနှင့်သေဆုံးသွားသည့် ရုပ်အလောင်းအဖြစ် မြောက်ဦးဆေးရုံသို့ ရောက်ရှိ လာကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ စက်တင်ဘာ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်၍ မြောက်ဦးမြို့အခြေစိုက် ခမရ(၃၇၇)တပ်ရင်းမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအား တည်ဆဲဥပဒေအရ အမြန်ဆုံးအရေးယူပေးရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုထားသည်။

ဦးအေးကျော်မှာ ယခင်က ဘေးတွဲဆိုင်ကယ်ကယ်ရီဆွဲခဲ့ပြီး သုံးဘီးဆိုင်ကယ်မောင်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ၎င်းမှာ ၆ နှစ်အရွယ်သမီးတစ်ဦးနှင့် ၅ လအရွယ်သမီးတစ်ဦးတို့ကျန်ခဲ့ကာ မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်ရကြောင်း ဦးမောင်နုက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ သံသယဖြင့် ဖမ်းဆီးခံရ ပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့်အရပ်သား ၂၂ ဦးခန့်အထိရှိလာနေပြီ ဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသည်။

ဗီဒီယိုများ