ခိုင်မင်း(ကျောက်ဖြူ) | DMG

ဇူလိုင် ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအုပ်စု၊ …………. ကျေးရွာတွင် အသက် (၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ မိန်းကလေးငယ်ကို မိခင်နှင့်ဖခင်တို့ လယ်တောထဲ၌ ကန်စွန်းရွက်သွားခူးရန်အတွက် အဒေါ်ဖြစ်သူနှင့် အပ်နှံထားခဲ့သည်။ အဒေါ်ဖြစ်သူမှာ ဂုံးချိန်ရွာဈေးသို့ သွားရောက်ကာ ဈေးဝယ်ပြီး ပြန်လာစဉ် အိမ်နီးနားချင်းနေ ကိုညီညီဆိုသူမှာ နေအိမ်အခန်းထဲမှ ထွက်လာသည်ကိုတွေ့ရှိ၍ မေးမြန်းရာတွင် ကလေးနှင့်လာရောက် ဆော့ကစားနေခြင်းဟု ပြောဆိုကာ ထွက်သွားသည်။

သူထွက်သွားပြီးနောက် မိန်းကလေးငယ်မှာ အခန်းမှ ငိုယိုပြီးထွက်လာသည့်အတွက် အဒေါ်ဖြစ်သူက ကလေးငယ်အား မေးမြန်းရာတွင် ကိုညီညီဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ထိုမိန်းကလေးငယ်၏ အင်္ဂါစပ်အားကြည့်ရာတွင် သွေးများတွေ့ရှိရသဖြင့် ကိုညီညီအား အဒေါ်ဖြစ်သူက တရားလိုပြုလုပ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇော က ပြောသည်။

လက်ရှိတွင် ညီညီဆိုသူအား ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၄၀၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ(၃၇၆)အရ အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးဆောင်ရွက်နေသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

အုပ်ထိန်းသူများအနေဖြင့် ကလေးသူငယ်အား တစ်ယောက်တည်း အပြင်သို့ မလွှတ်ရ၊ မိမိကလေးငယ်ကို အကြောင်းကြောင်းကြောင့် ထားရစ်ခဲ့ရန် လိုအပ်ပါက ရပ်ရွာနှင့် ယုံကြည်စိတ်ချရသူများထံ အသိပေးအပ်နှံရန် အစိုးရပိုင်သတင်းစာများက အသိပေးထုတ်ပြန်ထားသည်။

Author: Admin