မျိုးသီရိကျော် | DMG
ဇူလိုင် ၁၂ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ကျေးရွာသားနှစ်ဦးအား ဇူလိုင်လ(၁၁)ရက်နေ့တွင် တပ်မတော်သားများက ကျေးရွာအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ စိုင်ခြုံကျေးရွာမှ ကိုထွန်းမြင့်စိုး အသက်(၃၃)နှင့် ကိုဖြိုးဝင်းအောင် အသက်(၂၀)နှစ်တို့ ဖြစ်ကြောင်း ကျေးရွာသားများက ဆိုသည်။

ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်က တပ်မတော်သား(၁၀၀)ခန့်သည် ကားများဖြင့် စိုင်ခြုံကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာအလယ်ရှိစာသင်ကျောင်းတွင် ရွာသူ၊ရွာသားများကိုစုစည်းပြီး ဖုန်းများကို စစ်ဆေး ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ထို့နောက် ကျေးရွာနှစ်ဦးအား သံသယဖြင့်ဖမ်းဆီးကာ ကျေးရွာနှင့်တစ်မိုင်ကျော်ဝေးသည့် ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စိုင်ခြုံကျေးရွာသား ကိုဥာဏ်မျိုးထွန်းက DMG သို့ ပြောသည်။

“ဖမ်းဆီးမှုတွေ မကြာခဏရှိတဲ့အတွက် ကျွန်တော်ကတော့ ရွာသားတစ်ယောက်အနေနဲ့ စိုးရိမ်ပါတယ်။ သူတို့ နှစ်ယောက်ကို တစ်ခုခုလုပ်ပစ်မှာ ဒါမှမဟုတ် သတ်ပစ်မှာကိုလည်း စိုးရိမ်တယ်” ဟု ၄င်းကဆိုသည်။

ဖမ်းဆီးခံရသည့်သားဖြစ်သူအတွက် စိုးရိမ်ကြောင့်ကြနေရသည်ဟု ကိုဖြိုးဝင်းအောင်၏မိခင် ဒေါ်ရီရီဝင်းက ပြောသည်။

“ခင်ဗျားသားက ကျနော်တို့ကိုကြောက်လို့ ပြေးနေတာမလားလို့ မေးခဲ့ပါတယ်။ ဒါပေမယ့်ကျွန်မသားကို ဖမ်းမိ ထားတယ်ဆိုပြီးတော့လည်း ပြောပါတယ်။ ကျမသားဆီက မသင်္ကာဖွယ်ရာတွေ တွေ့ထားတယ်ဆိုပြီးတော့လည်း ပြောပါတယ်” ဟု ၄င်းကဆိုသည်။

ဖမ်းဆီးခံရသူ ကိုထွန်းမြင့်စိုး၏ မိခင်ဖြစ်သူ ဒေါ်သန်းမြစိန်က “ကျမတို့သားက လက်သမားအလုပ်ကို ရိုးရိုး သားသားနဲ့ လုပ်စားနေတာပါ။ AA နဲ့ပတ်သက်လို့တော့ ဘာတစ်ခုမှ မလုပ်ဖူးဘူး။ ကျွန်မတို့သားက အပြစ်မရှိတဲ့ အတွက် အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

DMG မှ ပြုစုထားသည့်စာရင်းအရ ပြီးခဲ့သည့်ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် အေအေနှင့်ပတ်သက်ဆက်နွယ် သည်ဟုဆိုကာ တပ်မတော်မှဖမ်းဆီးခဲ့သူ ၁၉ ဦးရှိခဲ့သည်။

Author: Admin