အောင်ကောင်းဇော် | DMG
ဇွန်လ ၅ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကင်းချောင်းကျေးရွာအုပ်စု ကုန်ဘောင်ကြီးကျေးရွာနေ သားအဖနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၅ ရက် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့(ဇွန်လ ၅ ရက်)နေ့အထိ ရှာမတွေ့ သေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ပျောက်ဆုံးနေသူ ဦးဝေကျန်အောင် ၈၁ နှစ်နှင့် သားဖြစ်သူ ဦးမောင်ညို ၄၆ နှစ်တို့သည် ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မိမိတို့နေအိမ်နှင့် (၁)မိုင်ခန့်ကွာဝေးသည့် ပင်လယ်ကမ်းစပ်သို့ သွားရာတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်ညို၏ဇနီးဖြစ်သူ ဒေါ်စန္ဒာငြိမ်းက DMG သို့ ပြောသည်။

“ပင်လယ်ပြင်က ပါးလာတဲ့ ကြိုးတွေကိုသွားကောက်တာ၊ ပြန်မရောက်လို့ ကျမတို့မိသားစုတွေလိုက်ရှာတော့ ဦးဝေကျန်အောင်ယူသွားတဲ့ ခမောက်နှင့် ဓားကိုပဲ ကမ်းစပ်နားမှာတွေ့တယ်။ လူကိုတော့မတွေ့ဘူး”ဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးအနက် သားဖြစ်သူ ဦးမောင်ညိုသည် ရေတပ်မှ အငြိမ်းစားယူထားသူတစ်ဦးဖြစ်ပြီး ကျေးရွာတွင် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းတို့သားဖနှစ်ဦး၏ အသက် အန္တရာယ်အတွက် စိုးရိမ်မိကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၏ လူမှုကွန်ယက် FB စာမျက်နှာပေါ်မှာ ရေးသားထားသည်။

လက်ရှိအချိန်၌ မိသားစုဝင်များက ပျောက်ဆုံးနေသူများကိုရှာဖွယ်နေကြပြီး ဇင်ချောင်းရဲစခန်းသို့လည်း အကြောင်းကြားထားကြောင်း မိသားစုဝင်များကပြောသည်။

Author: မိုးဇော်