Photo - facebook

ကျော်သူဌေး | DMG
နိုဝင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် Covid-19 ပိုးတွေ့လူနာ သံဃာတော်တစ်ပါး ယနေ့ နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းတွင် ပျံလွန်တော်မူသွားပြီး ၎င်းသီတင်းသုံးသည့် ကျောင်းတိုက်ကို အသွားအလာကန့်သတ် (Lockdown) လိုက်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ကျောက်ဖြူမြို့နယ် အောင်မြေရတနာ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် အသက် ၇၈ နှစ်၊ ဝါတော် ၃၁ ဝါရှိ ဆရာတော်တစ်ပါးသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသက်ရှုကျပ်လာသဖြင့် ဆေးရုံသို့လာပြရာတွင် ပိုးတွေ့ရှိပြီး၊ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောသည်။

“ဆရာတော်တစ်ပါးပါ။ မနေ့ညက အသက်ရှူကျပ်ပြီး ဆေးရုံလာပြတဲ့အခါ  ပိုးတွေ့ပြီးတော့ ဒီနေ့မနက်ပိုင်း အသက်ရှုကြပ်၊ အောက်ဆီဂျင်ကျပြီး ဆုံးသွားတာပါ”ဟု ဒေါက်တာရဲလွင်မောင်က ပြောသည်။
အဆိုပါ ပျံလွန်သွားသည့် သံဃာတော်သည် ဆီးချိုနှင့် ကျောက်ကပ်ရောဂါ အခံရှိကြောင်း ၎င်းကရှင်းပြသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “ကျနော်တို့က အဲဒီကျောင်းကို ယာယီပိတ်ထားတယ်။ Lockdown ချထားတယ်ပေါ့။ အဲဒီမှာက ဆရာတော်တပါးပဲ သီတင်းသုံးပြီးတော့ ဒကာတစ်ယောက်ပဲရှိတယ်။ အဝင်အထွက်ရှိတဲ့ ဒကာတစ်ယောက်နဲ့ ဒကာမ တစ်ယောက်ကိုတော့ Quarantine ထည့်ထားတယ်။ ဆန်တို့ ဆီတို့ကပ်တာက ခရိုင်ပညာရေးကကပ်တယ် ခရိုင်ပညာရေးက ၈ ယောက်ကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာ Quarantine ထားထားတယ်”ဟု ပြောသည်။

ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် Covid-19 ရောဂါဖြင့် ယခုတစ်ဦးဆိုလျင် သေဆုံးသူ ၃ ဦးအထိ ရှိလာနေပြီး၊ လက်ရှိတွင် ပိုးတွေ့လူနာ ၂၁ ယောက် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် Covid-19 ရောဂါဖြင့် သေဆုံးသူမှာ စစ်တွေပြည်သူ့ဆေးရုံတွင်  ၇ ဦး၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံတွင် ၃ ဦး၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် ၂ ဦး၊ ဘူးသီးတောင်မြို့နယ်  ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးပြည်သူ့ဆေးရုံတွင် ၂ ဦး၊ ကျောက်တော်မြို့နယ်ဆေးရုံတွင် ၇ ဦး၊ ပေါက်တောမြို့နယ်ဆေးရုံတွင် ၃ ဦးနှင့် မင်းပြားမြို့နယ်ဆေးရုံတွင် ၁ ဦး စုစုပေါင်း ၂၆ ဦးအထိ ရှိလာနေသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့ လူနာ  ၃၂၆၅ ဦးရှိပြီး၊၂၉၇၇ ဦးမှာ ရောဂါကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြဖြစ်သည်။ ယခုလက်ရှိ မြို့နယ်အသီးသီးမှ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၂၈၈ ဦး ရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ နိုဝင်ဘာလ ၁၇ ရက်နေ့ စာရင်းအရ သိရသည်။

Author: Admin