ခိုင်မင်း | DMG
ဒီဇင်ဘာ ၁၂ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မရဲစခန်း၌ တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦးထံမှ WY ဆေးပြား(၇၀) ဖမ်းဆီး ရမိခဲ့ကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က သတင်းအရနေအိမ်တစ်ခုကို မူးယစ်ရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေရာ လူငယ်တစ်ဦးအား ဆေးပြား ၄ ပြားနှင့်အတူဖမ်းဆီးရမိ၍ စစ်ဆေးရာမှ ရဲတပ်သားအပြင် နောက်ထပ်လူ (၂)ဦး တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမူးယစ်တပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဆေးပြား ၄ ခုနဲ့ ဖမ်းမိတဲ့ကောင်လေးက (---)တည်းခိုခန်းမှာတည်းနေတဲ့ ဧည့်သည် ၂ ယောက်ဆီကနေ ဝယ်လာတာလို့ပြောတော့ အဲဒီတည်းခိုခန်းမှာတည်းနေတဲ့ အမျိုးသား ၂ ဦးကိုဖမ်းမိတယ်။ ဒါပေမယ့် အခန်းထဲမှာ ဘာမှမတွေ့တောဘူး။ သူတို့(၂)ယောက်က တည်းခိုခန်းပိုင်ရှင်ရဲ့ သမက်(ရဲတပ်သား)ဆီကရတာလို့ ထပ်ပြီး ထွက်ဆိုလို့ ရဲတပ်သားကိုခေါ်စစ်တော့ ပထမငြင်းပေမယ့် နောက်မှာသူပစ္စည်းဖွက်ထားတဲ့ နေရာကိုပါ လိုက်ပြတော့ ဆေးပြား(၇၀)မိတာပေါ့” ဟု ၎င်းကရှင်းပြသည်။

ရဲတပ်သားအားစစ်ဆေးရာ တည်းခိုးခန်းသို့လာရောက်တည်းခိုခဲ့သည့် အမျိုးသားတစ်ဦးထံမှ WY မူးယစ် ဆေးပြားများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမူးယစ်ဆေးပြားများကို တည်းခိုခန်း၌တည်းခိုနေကြသူ (၂)ဦးအား တဆင့်ရောင်းချခဲ့သလို ရဲတပ်သားကိုယ်တိုင်လည်းရောင်းချမှုရှိသည်ဟု ထွက်ဆိုကြောင်း ကျောက်ဖြူ မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

“အဲဒီလူကရဲမှန်းမသိဘဲ ဆေးပြားရောင်းဖို့ရှိတယ်ဆိုပြီးပြောလို့ သူ(ရဲတပ်သား)က ၆ ထုပ်ဝယ်လိုက်ပြီးတော့ တည်းခိုခန်းမှာတည်းနေကြတဲ့ ကောင်လေး ၂ ယောက်ကိုရောင်းခိုင်းထားတော့ (၄)ထုပ်လောက်ကုန်သွားပြီ။ သူ(ရဲတပ်သား)ကိုယ်တိုင်ရောင်းလို့ (၂)ထုပ်ကုန်သွားတယ်။ အခုဖမ်းမိတဲ့ (၇၀)ပြားဟာ လက်ဆောင်ပေးလို့ ကျန်ခဲ့တာလို့ထွက်ဆိုတယ်။ ပထမရောင်းခဲ့တဲ့သူရဲ့နာမည်နဲ့ မြို့လောက်ပဲသိရတော့ ဆက်လိုက်မဲ့ဟာက ခက်နေတယ်” ဟု မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူက ဆက်၍ရှင်းပြသည်။

လက်ရှိအချိန်၌ ရဲတပ်သားအပါအဝင်(၄)ဦးအား ကျောက်ဖြူမြို့မရဲစခန်းတွင် မူး/စိတ်ဥပဒေပုဒ်မ- ၁၉(က)၊ ၁၆(ဂ)တို့ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးလျှက်ရှိသည်။

Author: ခိုင်မင်း(ကျောက်ဖြူ)