- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
တပ်ကဖမ်းဆီးထားသည်ဟုဆိုသည့် ကျောက်တော်ဒေသခံ(၁၀)ဦးအနက် တစ်ဦးကို သေဆုံးလျက်တွေ့ဟု မိသားစုပြော
တပ်မတော်က ဖမ်းဆီးထားသည်ဟုဆိုသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ (၁၀)ဦးအနက် အသက် (၄၅)နှစ်အရွယ် ဦးမောင်ဝင်းကြီးကို ရေထဲတွင်မျောလျက် သေဆုံးနေသည်ကို တွေ့ရသည်ဟု ညီမဖြစ်သူ ဒေါ်မစံနုက DMG သို့ပြောသည်။
20 Mar 2020
အောင်ထိန် | DMG
မတ် ၂၀ ၊ ကျောက်တော်
တပ်မတော်က ဖမ်းဆီးထားသည်ဟုဆိုသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ (၁၀)ဦးအနက် အသက် (၄၅)နှစ်အရွယ် ဦးမောင်ဝင်းကြီးကို ရေထဲတွင်မျောလျက် သေဆုံးနေသည်ကို တွေ့ရသည်ဟု ညီမဖြစ်သူ ဒေါ်မစံနုက DMG သို့ပြောသည်။
ယင်းအလောင်းကို မတ်လ ၁၈ ရက်နေ့က တင်းမကျေးရွာ၊ စက်ရုံဆိပ်အနီးတွင် တွေ့ခဲ့ခြင်းဖြစ်ပြီး မျက်နှာတွင် အနည်းငယ်မဲနေသော်လည်း မျက်နှာကိုကြည့်ရှုနိုင်ခဲ့သဖြင့် သေဆုံးသူမှာ ဦးမောင်ဝင်းကြီးဖြစ်ကြောင်းကို သိရှိခဲ့ခြင်းဟု ဒေါ်မစံနုနှင့် မိသားစုဝင်တစ်ဦးက ပြောသည်။
“အလောင်းက ရေမှာမျောနေတယ်။ ကျမတို့က ကိုယ့်မောင်အလောင်းကိုမြင်တော့ မသယ်ယူရဲဘူး။ ကိုင်လည်းမကြည့်ရဲဘူး။ ရွာကလူကြီးတွေကို ခေါ်လာခဲ့တယ်။ အလောင်းကိုသယ်ဖို့လည်း မရဘူး။ အလောင်းကိုသယ်ဖို့လုပ်ရင် တောင်ပေါ်မှာရှိတဲ့တပ်က လက်နက်ငယ်တွေနဲ့ လှမ်းပစ်တယ်” ဟု ဒေါ်မစံနုက ပြောသည်။
ပြီးခဲ့သည့် မတ်လ(၁၆)ရက်နေ့၊ ညနေ (၆) နာရီခန့်က တင်းမကျေးရွာသို့ တပ်မတော်က ရောက်ရှိလာကာ ဦးမောင်ဝင်းကြီးအပါအဝင် ရွာသား(၁၀)ဦးကို ကျေးရွာအနီးတပ်စွဲနေသည့် တောင်ကုန်းနေရာသို့ ခေါ်ယူသွားသည်ဟု ဒေသခံများက ပြောကြသည်။
ဦးမောင်ဝင်းကြီးအလောင်းအပြင် ယမန်နေ့ မတ်လ ၁၉ ရက်နေ့၊နေ့လယ်ပိုင်းက တခြားအလောင်းသုံးလောင်းကိုလည်း ရေထဲတွင်မျောနေသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးဟု ဒေသခံများက ဆိုသည်။
ထိုသို့ အလောင်းများ တွေ့ရှိသဖြင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။
“အခုအချိန်ထိ ကျနော့်သားကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ သတင်းအစအနလည်း မရဘူး။ သေသွားလား ပျောက်သွားလားဆိုတာလည်း မသိရဘူး။ ကျနော်တို့လည်း ဒုက္ခသည်စခန်းကို ရောက်နေတယ်။ ကျနော်တို့မှာ ဒီသားလေးတစ်ယောက်တည်းရှိတာ” ဟု ဖမ်းဆီးခံရသူ မောင်ထွန်းထွန်းဝင်း(၁၅ နှစ်)၏ဖခင် ဦးသာထွန်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ဆံထိမှန်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား (၁၃၀)ကျော် သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံက သိရသည်။