အောင်ထိန် | DMG
နိုဝင်ဘာ ၁၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားသည်မှာ ၈ လခန့်ကြာမြင့် နေပြီဖြစ်သော်လည်း မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူများနှစ်ဦးမှာ တောင်ပေါက်ကျေးရွာမှ ကိုကျော်စိုးဝင်း (၃၆)နှစ်နှင့် ပိုက်သည်ရပ်ကွက်မှ ကိုမောင် စိုးရွှေ(၂၉)နှစ်တို့ ဖြစ်ကြသည်။

“မတွေ့ရ မမြင်ရလဲ နေပါစေ။ ကျွန်မယောက်ျား ကျန်းကျန်းမာမာနဲ့ ဘယ်နေရာမှာရှိနေတယ်ဆိုတာ သိရရင်လည်း ကျေနပ်တယ်” ဟု ကိုမောင်စိုးရွှေ၏ ဇနီး မယဉ်မြသန်းက ဆိုသည်။

၎င်းတို့နှစ်ဦးသည် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများဖြစ်ကြပြီး ယခုနှစ် မတ်လ ၃၁ ရက်နေ့က ကျောက်တော်မြို့အဝင် လမ်းခွဆုံအနီး၌ ခရီးသည်များကိုစောင့်နေစဉ် တပ်မတော်သားများက ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးအား အပြစ်မရှိလျှင် အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ၎င်းတို့နှစ်ဦးမှာ အပြစ်ရှိပါကလည်း ယခုကဲ့သို့ လတာရှည်စွာ ထိန်းသိမ်းမထားဘဲ ဥပဒေအတိုင်း အရေးယူဆောင်ရွက်စေလိုကြောင်း မိသားစုဝင်များက တောင်းဆိုသည်။

“အပြစ်မဲ့ပြည်သူတစ်ယောက်က အပြစ်မရှိဘဲ အလဟသ သေဆုံးသွားမှာကို ကြောက်တယ်။ သံသယနဲ့ ဖမ်းချင်တယ်ဆိုလဲ ဖမ်းပေါ့။ တကယ်လို့အပြစ်ရှိရင် ဥပဒေနဲ့အညီဆောင်ရွက်၊ အပြစ်မရှိရင်လည်း ပြန်လွှတ် ပေးစေချင်တယ်” ဟု ဖမ်းဆီးခံထားရသူ ကိုကျော်စိုးဝင်း၏ညီ ကိုကျော်အေးဝင်းက ဆိုသည်။

ဖမ်းဆီးခံရသည့် ကိုကျော်စိုးဝင်းနှင့် ကိုမောင်စိုးရွှေနှစ်ဦး ပျောက်ဆုံးနေသည့်ကိစ္စအား ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှတစ်ဆင့်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားထား သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

အလားတူ မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ)ကျေးရွာနေ ညီအစ်ကိုနှစ်ဦးအား တပ်မတော်ကဖမ်းဆီး သွားပြီးနောက် တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်‌သော်လည်း လက်ရှိအချိန်ထိ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း မိသားစုထံမှသိရသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ(၁၈)ဦးမှာလည်း တပ်မတော်မှဖမ်းဆီးခေါ်ဆောင် ပြီးနောက် ပျောက်ဆုံးနေသည်မှာ (၇)လခန့်ရှိပြီဖြစ်သဖြင့် မိသားစုဝင်များမှ ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်မှုရှိနေကြသည်။

တပ်မတော်က ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနေရာများသို့လွှဲပြောင်းကာ ဥပဒေအရအရေးယူ နိုင်ရန်အတွက် အချို့နေရာများတွင် လုံခြုံရေးအရချွတ်ယွင်းချက်ရှိသဖြင့် မပို့ဆောင်နိုင်ဘဲ ကြန့်ကြာမှုရှိနေ နိုင်ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရသူအရေအတွက်မှာ DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ လက်ရှိ နိုဝင်ဘာလအထိ စုစုပေါင်း ၁၀၄ ဦးအထိ ရှိခဲ့သည်။

Author: Admin