မြတ်ဆွေ | DMG
မတ် ၉၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး သတင်းအစအန မကြားသိရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူများမှာ ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄ နှစ်)နှင့် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့ ဖြစ်သည်။ ၎င်းတို့ကို တပ်မတော်က ဖမ်းဆီးသွားသည်ဟု ဦးမောင်ရွှေအေး၏ဇနီး ဒေါ်အေးသိန်းက စွပ်စွဲသည်။

“ကျမယောက်ျားက တာဝါတိုင်ဝန်ထမ်းတစ်ဦးပါ။ မနေ့က ၈ နာရီကျော်လောက်က နဂရာကျေးရွာမှာ တာဝါတိုင် စက်မနိုးတဲ့အတွက် အဲဒီတာဝါတိုင်ကိုစစ်ဖို့သွားတယ်။ ပြီးတော့ နေ့လယ် ၁ နာရီလောက်မှာ ပြန်လာကြတယ်။ သူတို့က ရွာကိုပြန်အဝင် တပ်မတော်စစ်ကြောင်းတစ်ခုက ရွာကအထွက်မှာ တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ”ဟု ဒေါ်အေးသိန်းက DMG သို့ ယနေ့ပြောသည်။

စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်းမှာမူ နဂရာကျေးရွာမှမိခင် အသုဘချ၍ ဆွမ်းကျွေးမွေးပြီးနောက် ဦးမောင်ရွှေအေးနှင့် လမ်းကြုံသဖြင့် နှစ်ယောက်အတူ ဆိုင်ကယ်တစ်စီးဖြင့်ပြန်လာစဉ် ခေါင်းတုတ်ကျေးရွာသို့ အဝင်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ဒေါ်အေးသိန်းက“ကျမယောက်ျားမှာ ဘာအပြစ်မှမရှိပါဘူး။ သူ့ကိုအမြန်ဆုံးလွတ်စေချင်ပါတယ်။ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင် သွားရတာကိုကျမတို့လည်း စဉ်စားလို့မရဘူး။ အခုအချိန်ထိ ဘာမှအဆက် အသွယ်မ ရသေးဘူး။ ဒါကြောင့် သိပ်စိုးရိမ်နေရပါတယ်”ဟု ပြောသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Author: Admin