ဝင်းညွန့် | DMG
မတ် ၁၃ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှာ ယနေ့ မတ်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီ ကျော်က ပစ်ခတ်ခံရမှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသူများမှာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၊ ဦးညွန့်လှ(၅၄ နှစ်)နှင့် ကိုမောင်ကျော်ဘု(၂၉ နှစ်) ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ ဦးစိုးမြအောင် (၆၀ နှစ်)၊ ဦးမောင်လှအေး (၅၄ နှစ်)၊ ဦးအောင်သန်းလှ(၅၁ နှစ်)၊ မောင်ဝင်းကျော်နိုင် (၁၈ နှစ်)နှင့် ကိုအောင်ထွန်းလှ(၅၄ နှစ်)တို့ဖြစ်သည်။
“ သေသွားတဲ့ အမျိုးသမီးကတော့ ပြိုင်းတိုင်းကနေ ကျွန်တော့်ရွာမှာ စစ်ဘေးရှောင်နေတာ။ နာမည်ကိုတော့ မသိသေးဘူး။ ရွာသားတွေက ကြောက်လို့ ထွက်ပြေးသွားကြပြီ။ မောင်ဝင်းကျော်နိုင်မှာတော့ သေနတ် ဒဏ်ရာရထားလို့ စိုးရိမ်ရတယ်။ အိမ် ၁၆ ဆောင် မီးလောင်သွားတယ်” ဟု ၄င်းကဆိုသည်။
အဆိုပါ ပစ်ခတ်မှုမှာ သာစည်ကျေးရွာအရှေ့ဘက် ၁ ဖာလုံအကွာ ကားလမ်းမတွင်ရှိနေသည့် တပ်မတော် စစ်ကြောင်း တစ်ခုက ပစ်ခတ်ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက စွပ်စွဲပြောဆိုသည်။
ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
လူဦးရေ (၁၆၀၀) ကျော် နေထိုင်သည့် အဆိုပါကျေးရွာတွင် ထိုဖြစ်စဉ်ဖြစ်ပွားသဖြင့် ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သိရသည်။
အလားတူ ယနေ့ နံနက် (၅)နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညို၊ တောင်ဦးနှင့် ပေါင်းတုတ် (မွတ်ဆလင်) ကျေးရွာတို့တွင်လည်း ပစ်ခတ်ခံရမှုကြောင့် အရပ်သား (၂၂)ဦး ဒဏ်ရာရရှိသွားသည်။ ထို့ပြင် ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာတွင်လည်း ပစ်ခတ်ခံရမှုကြောင့် အရပ်သား (၃) ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
ထိုပစ်ခတ်မှုများမှာ တပ်မတော်စစ်ကြောင်းတစ်ခု တိန်ညိုကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်ဘက်က ပစ်ခတ်ခြင်းဟု ဒေသခံများကဆိုကြသည်။ သို့သော် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။




