နှင်းနွယ် | DMG
သြဂုတ် ၂၇ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဒေသခံတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူမှာ ကိုမောင်နိုင်ဝင်း (၃၀)နှစ်ဖြစ်ပြီး ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ယမန်နေ့(သြဂုတ်လ ၂၆ ရက်)နေ့ ည ၁၀ နာရီခန့်တွင် အစ်မဖြစ်သူ၏နေအိမ်မှပြန်လာစဉ် လမ်းတွင် တပ်မတော်သားများနှင့်တွေ့ကာ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်သားများမှ သေဆုံးသူ၏ရုပ်အလောင်းအား တာပေါ်လင်စဖြင့်ပတ်ကာ ကျောက်တော်ဆေးရုံမှ ရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝေက DMG သို့ ပြောသည်။

“ဒီဖက်မှာက အိမ်သာမရှိတော့ အလေးသွားမယ်ဆိုပြီးအပြင်ကို ထွက်သွားတာကနေပျောက်သွားတာ။ မနက် မိုးလင်းလို့ ကျွန်မမောင်လေးကိုလိုက်ရှာတဲ့အခါ လမ်းကနေပြီးတော့ ထီးတစ်ဆောင်နဲ့ ဖိနပ်တစ်ရံကိုပဲတွေ့တယ်။ အနီးအနားကလူတွေက မနေ့ညက နင့်မောင်လေးကို တပ်မတော်သားတွေသတ်ပြီး ခေါ်သွားတယ်ဆိုပြီး ပြောတယ်။ လမ်းမှာသွေးအိုင်တွေလည်းကျန်နေခဲ့တယ်။ ခဏနေတော့ ရင်ခွဲရုံမှာ အလောင်းတစ်လောင်း ရောက်နေတယ်ဆိုပြီးသတင်းကြားလို့ သွားကြည့်တာ ကျွန်မမောင်လေးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။

သေဆုံးသူမောင်နိုင်ဝင်းတွင် နောက်ကျော၌ သေနတ်ဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်ဘက်တွင် သေနတ် ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းအားသေနတ်ဘောင်ဖြင့် ထုထောင်းခံထားရသည့်ဒဏ်ရာများတွေ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းအပြင် တပ်မတော်သားများမှာ သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝေနေအိမ်သို့ ညအချိန်တွင် ဝင်ရောက်ခဲ့ကြောင်းလည်း ပြောသည်။

“ကိုဗစ်ကြောင့် အပြင်မထွက်ရ၊ မသွားရဆိုပြီး စည်းကမ်းချထားတဲ့အချိန်မှာ တပ်မတော်သားတွေက သေနတ် တွေနဲ့ဖြိုပစ်တယ်။ အိမ်တွေကိုဝင်မွှေနှောက်ပြီးတော့ အမျိုးမျိုးလုပ်တယ်။ သူတို့လုပ်ချင်သလို လုပ်နေကြတယ်။ အခု ကျွန်မတို့ဒေသခံတွေက ရောဂါကိုကြောက်ရ၊ စစ်တပ်ကိုကြောက်ရနဲ့ဘယ်လိုနေရမလဲ။ သူတို့ လုပ်သမျှကို ကျွန်မတို့က ကျေနပ်နေရမှာလား’’ ဟု ဒေါ်ဦးသန်းဝေကပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းမှာ ကျောက်တော်ဆေးရုံရင်ခွဲရုံ၌သာရှိသေးပြီး ဆရာဝန်ကြီးများ လာရောက်စစ်ဆေးပြီးမှသာလျှင် သဂြိုလ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG ကဖုန်းဖြင့်ဆက်သွယ်ကြည့်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

တပ်မတော်လှည့်ကင်းလှုပ်ရှားစစ်ကြောင်းမှ ကျောက်တော်-ဝါးကင်းကျေးရွာသွားလမ်းပေါ်၌ မသင်္ကာဖွယ် အပြန်အလှန်မီးအချက်ပြမှုပြုလုပ်နေသည်ကိုတွေ့၍ စစ်ဆေးရန်ခေါ်ယူစဉ် မသင်္ကာဖွယ်မီးအချက်ပြသူနှစ်ဦးမှာ လာရောက်ခြင်းမရှိဘဲထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ယနေ့(သြဂုတ်လ ၂၇ ရက်)နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့သို့ပစ်ခတ်စဉ် တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ၎င်းဝင်ဆင် ထားသည့်ပုဆိုးခါးပုံစအတွင်းမှ လက်ကိုင်စကားပြောစက်တစ်လုံး၊ ငွေကျပ်တစ်သောင်းနှင့်အတူ အသေဖမ်းဆီး ရမိခဲ့သည်ဟု တပ်မတော်ကဆိုသည်။

ထို့နောက် သေဆုံးသူအား သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်းလည်း တပ်မတော်ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာများပြားလာနေသဖြင့် မြို့နယ်တိုင်းတွင်(Stay at Home) နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့သည်။

ကျောက်တော်မြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “အခုလိုရောဂါကြောင့် တစ်မြို့လုံးကို အသွားအလာကန့်သတ်ထားတဲ့အချိန်မှာ တပ်မတော်စစ်ကြောင်းအနေနဲ့ မြို့ထဲကိုဝင်ပြီး စစ်ရေးလှုပ်ရှားတာတွေ မလုပ်သင့်ဘူး။ အခုလက်ရှိ လူတွေအကုန်လုံးက ကိုဗစ်ကိုကြောက်နေကြရတာ။ ဒီကြားထဲ အပစ်ရပ်စဲရေးထဲမှာ ရခိုင်မပါတာကြောင့် တိုက်ပွဲတွေက ဘယ်အချိန်ထဖြစ်မလဲဆိုတာမသိနိုင်တော့ ပြည်သူတွေက စစ်ရေးကိုလည်း ကြောက်ရ ၊ ရောဂါကိုလည်းကြောက်ရတဲ့အခြေအနေမျိုးဖြစ်နေတယ်”ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တပ်မတော်ကအပစ်ရပ်ကြေငြာ ရာတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနေသည့်ကာလအတွင်း တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သား (၃)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးအထိရှိလာနေသည်။

Author: Admin